လယ်ဝေး မတ် ၁၄
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကျေးရွာ(၁၄)ရွာသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လယ်ဝေး မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးက ကျေးရွာစီမံကိန်း လုပ်ငန်းများဆောင်ရွက်ရာတွင် အရောင်အသွေးခွဲခြားမှုမရှိဘဲ စည်းလုံးညီညွှတ်စွာ ဆောင်ရွက်ရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကော်မတီအစည်းဝေးများ ဆောင်ရွက်သွားရန်တို့ကို အဖွင့်အမှာစကားပြောကြားပြီး လယ်ဝေးမြို့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူရက ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် (VDP)ကျေးရွာ (၁၄)ရွာက တင်ပြထားသော လျှပ်စစ်မီးလင်းရေး၊ ကျေးရွာခန်းမတည်ဆောက်ရေး၊ ရေနုတ်မြောင်း တူးဖော်ရေး၊ စာသင်ကျောင်းခြံစည်းရိုး တည်ဆောက်ရေး၊ ရိစာလမ်းခင်းခြင်းနှင့် ဆရာမ နေအိမ် တည်ဆောက်ရေး လုပ်ငန်းများကို တိကျမှန်ကန်စွာ ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူရတို့က ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ကျေးရွာ (၁) ရွာလျှင် ကျပ်သိန်း (၁၀၀)နှုန်းဖြင့် ကျေးရွာ(၁၄)ရွာအား ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)