ကိုရိုနာဗိုင်းရပ်စ်ရောဂါ အကြောင်း အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ဇလွန်မြို့နယ်တွင် ကျင်းပ

ဇလွန်  မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ အကြောင်း အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်သိန်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပေါ်လာပုံနှင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရန် တစ်ကိုယ်ရည် သန့်ရှင်းစွာ နေထိုင်ရေး၊ လူများသော နေရာများ သွားရောက်ပါက ဆောင်ရန်/ရှောင်ရန် နည်းလမ်းများနှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်အသုံးပြုခြင်း၊ မှန်ကန်ထိရောက်သည့် လက်ဆေးခြင်းနည်းစနစ်များနှင့် သတင်းအမှားများကို မယုံရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော သတင်းများကိုသာ အတည်ပြုကြရန်နှင့် မိမိပတ်ဝန်းကျင်တွင်  သံသယဖြစ်ဖွယ် လူနာများကို တွေ့ရှိပါက ကျန်းမာရေးဌာနသို့ အကြောင်းကြားရန် ဟောပြောခဲ့သည်။

ယင်းနောက် ဇလွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ ကိုကြည့်ရှု ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြသည်။

ဝေယံ -ဇလွန်(ပြန် /ဆက်)