လေးမျက်နှာမြို့နယ်တွင် အသက်ကယ် အောက်စီဂျင်အိုးများနှင့် ဆက်စပ် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

လေးမျက်နှာ မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မုဒိတာ အိမ်ရာ(၁) မုဒိတာတွဲလက်များ အောက်စီဂျင်လေ အလှူတော်အသင်းနှင့် ကျေးရွာအလှူရှင်များ စုပေါင်း၍ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းအုပ်စု၊ နင်းကြမ်းကျေးရွာရှိ ဖြူစင်မေတ္တာနာရေးနှင့် လူမှု ကူညီရေးအသင်းသို့ အသက်ကယ်အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ် လှူဒါန်းပွဲကို အဆိုပါကျေးရွာရှိ ဗုဒ္ဓဝါဒီ ကျောင်းတိုက်၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဗုဒ္ဓဝါဒီ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုသလ အရှင်သူမြတ်က ဩဝါဒနှင့် အလှူရေစက်ချတရား‌တော်ဖြင့် ချီးမြှင့်‌ခဲ့သည်။ ထို့နောက် ကြီးပေါက်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက အဖွင့်အမှာ စကားပြောကြားပြီး ဖြူစင်မေတ္တာ နာရေးနှင့် လူမှူကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစစ်ကြူက “ယခုလို အောက်စီဂျင်အိုးများ လှူဒါန်းပေးသည့်အတွက် ပရဟိတလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားနိုင်မှာ ဖြစ်သလို အမှန်တကယ် လိုအပ်နေသည့် ဝေဒနာရှင်တွေ အတွက်ပါ အထူးဝမ်းသာပီတိ ဖြစ်ရပါ‌ကြောင်း၊  နင်းကြမ်း‌ကျေးရွာ၊ ကျေးလက် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူ ဒေါ်စိုးစိုးခိုင်က အောက်စီဂျင်အိုး စနစ်တကျအသုံးပြုပုံ၊ အသုံးဝင်ပုံနှင့် လတ်တလောနိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် (Covid-19) အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ် ရေးနည်းလမ်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရန်ကုန်မြို့ မုဒိတာတွဲလက်များ အောက်စီဂျင်လေအလှူတော်အသင်းမှ အသင်းစတင် တည်ထောင်သူ Founder ဦးရဲထွန်းက လုပ်ငန်း အတွေ့အကြုံများနှင့် အသက်ကယ် အောက်စီဂျင်အိုးများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် မုဒိတာ တွဲလက်များ အောက်စီဂျင်လေအလှူတော်အသင်းမှ အောက်စီ ဂျင်အိုးနှင့် ဆက်စက် ပစ္စည်း (၁၂)လုံး၊ နင်းကြမ်း ကျေးရွာ ဗုဒ္ဓဝါဒီ ကျောင်းတိုက် ဆရာတော်နှင့် ကျေးရွာအလှူရှင်တို့ စုပေါင်းလှူဒါန်းသည့်  အောက်စီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်း (၁၃)လုံး၊ စုစုပေါင်း(၂၅)လုံးအား ဖြူစင်မေတ္တာနာရေးနှင့် လှုမှုကူညီရေးအသင်းသို့ ပေးအပ်လှူဒါန်းရာ ဖြုစင် မေတ္တာအသင်းမှ တာဝန်ရှိသူများက အလှူရှင်များ အား  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ကြသည်။

အဆိုပါ ဖြူစင်မေတ္တာ နာရေးနှင့် လှုမှုကူညီရေးအသင်းအား နင်းကြမ်းကျေးရွာ ဗုဒ္ဓဝါဒီ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကုသလ အရှင်သူမြတ်မှ ဦးဆောင်၍ ၂၀၁၃ ခုနှစ် ဩဂုတ်လတွင် စတင်တည်ထောင်ခဲ့ပြီး အောက်စီဂျင် လိုအပ်သော ဝေဒနာရှင်များအတွက် ၂၄ နာရီ (အခမဲ့) လှူဒါန်း ပေးလျက်ရှိကြောင်းနှင့် ရပ်ရွာနာရေးတို့တွင်လည်း ပါဝင်ကူညီပေးလျက်ရှိရာ လေးမျက်နှာ မြို့နယ်ရှိ ကျေးလက်ဒေသနေ မိဘပြည်သူများ ဆက်သွယ်အကူအညီ တောင်းခံနိုင်ရန် အသင်းလိပ်စာနှင့်အတူ ဖုန်းနံပါတ်များပါသည့် သတင်းစကား လက်ကမ်းစာစောင်များကို အခမ်းအနားသို့ တက်ရောက်လာသူများအား ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း ဆရာတော် ထံမှ သိရသည်။

ရွှေမိုး(လေးမျက်နှာ)