ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလတွင် အသက်အာမခံထားရှိသူများမြင့်တက်

မန္တလေး၊ စက်တင်ဘာ ၁၆

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် အသက်အာမခံထားရှိသူများမြင့်တက် လာကြောင်း အာမခံဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့်ပုဂ္ဂလိက အာမခံဝန်ဆောင်မှုလုပ်ငန်း တစ်ခုမှသိရသည်။

ကျန်းမာရေး အာမခံဝယ်ယူထားရှိခြင်းဖြင့် ဆေးကုသစရိတ်ကို အတိုင်းအတာတစ်ရပ်အထိ သက်သာစေရန်နှင့် ယခင်သတ်မှတ် ထားသော ပရီမီယံနှုန်းထား ထက်လျော့နည်းသော ပရီမီယံငွေကို အရစ်ကျပေးသွင်းဝယ်ယူနိုင်ရန်ရည်ရွယ်ကြောင်းသိရသည်။

“ပုံမှန် ကျန်းမာရေးအာမခံမှာ အသက်အာမခံထားတာတော်တော်နည်းတယ်၊ အခုအချိန်မှာ အာမခံထားတဲ့ဦးရေကပုံမှန် ထားတဲ့ ဦးရေထက် သုံးဆလောက် မြင့်တက်လာတယ်၊ အသက်အရွယ် အပိုင်းအခြားအရ အသက်၄၀ ဝန်းကျင်၊ ဝန်ထမ်းတော်တော် များများ အသက်အာမခံ ဝယ်ယူကြတာ များတယ်၊ ကိုဗစ်ဖြစ်မှာ စိုးရိမ်တဲ့အပြင် ဆေးရုံကုန်ကျစရိတ်တွေများလာမှာကိုလည်း စိုးရိမ်လာတဲ့ အတွက် အာမခံထားလာကြတာ၊ အခုအချိန်အထိကိုဗစ်ကြောင့် အကျိုးခံစားခွင့် ထုတ်ပေးရတာ မျိုး တော့မရှိသေး ပါဘူး” ဟု အောင်မြေသာစံမြို့နယ်ရှိ GWI အာမခံဝန်ဆောင်မှုလုပ်ငန်းမှ မန္တလေးတာဝန်ခံ ဦးသန်းထိုက်စိုးကပြောသည်။

 တစ်နှစ်အတွက် အနိမ့်ဆုံး တစ်ယူနစ်လျှင် ကျပ် တစ်သောင်းပေးသွင်းခြင်းဖြင့် ဆေးကုသ စရိတ် ကျပ် ၉သိန်းမှ ၁၂သိန်းအထိ အထောက်အပံ့ရရှိစေနိုင်သော ကျန်းမာရေးအာမခံ၏ ကိုဗစ်-၁၉ အပိုဆောင်းအစီအစဉ်ဖြစ်ကြောင်းသိရသည်။

 “ကျန်းမာရေးအာမခံဝယ်ထားတယ်ဆိုရင် ပုံမှန် ဆေးရုံတက်စရိတ် တစ်သောင်းကျပ်၊ အသက် ဆုံးရှုံးသွားတယ်ဆိုရင် ကျပ်ဆယ်သိန်းပေးတယ်၊ အခု ကိုဗစ်အတွက် CSR ပရိုဂမ်အနေနဲ့ သာမန်ပြည် သူဆိုရင် ကိုဗစ်ပေါ့စတစ်မဖြစ်ဘဲ Hospital Quarantineဝင်တယ်ဆိုရင် ပုံမှန်ကျန်းမာရေးအာမခံရတဲ့ အတိုင်းတစ်သောင်းကျပ် ခံစားခွင့်ရမှာပါ၊ ပေါ့စတစ်ဖြစ်ခဲ့တယ်ဆိုရင် ဆေးရုံစတက်တဲ့အချိန်ကစပြီး တစ်ရက်ကို ကျပ်တစ်သောင်းခွဲနှုန်းနဲ့ ရက်၆ဝအတွက် တစ်ခါတည်းပေးသွားမှာပါ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ သတင်းမီဒီယာသမားတွေ ကိုဗစ်ကြောင့် ဆေးရုံတစ်ရက်တက်ရင် နှစ်သောင်းကျပ်၊ အသက် ဆုံးရှုံးခဲ့ရင် ကျပ် သိန်းသုံးဆယ် ခံစားခွင့်ရမှာပါ”ဟု ဆက်လက်ပြောသည်။

အခြေခံယူနစ်ကို သီးခြားဝယ်ယူနိုင်ပြီး ရွေးချယ်နိုင်သည့် အာမခံအကာအကွယ်ကိုအနည်းဆုံး တစ်ယူနစ်မှ အများဆုံး ဆယ်ယူနစ် အထိ ဝယ်ယူနိုင်ကြောင်း၊ ပရီမီယံပေးသွင်းရာတွင် အသက်အပိုင်း အခြားအလိုက်သတ်မှတ်ထားပြီး အစုအဖွဲ့အလိုက်အနေဖြင့် လစဉ်၊ ၃လ၊ ၆လ၊ တစ်လုံးတည်း၊တစ်ဦး ချင်းအနေဖြင့် ၆လ၊ တစ်လုံးတည်း စသည်ဖြင့် ပေးသွင်းနိုင်ကြောင်းသိရသည်။ ထိပ်ထားနိုင်