ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုယ်အပူချိန်တိုင်း ကိရိယာများဖြင့် စမ်းသပ်ခြင်းများ မဟာမုနိရုပ်ရှင်တော်မြတ်ဘုရားကြီး၌ ဆောင်ရွက်သွားမည်

မန္တလေး  မတ်  ၁၉

မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ဘုရားကြီး၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် နဖူးပေါ်မှ ကိုယ်အပူချိန်ကို စမ်းသပ်နိုင်သည့် ကိရိယာဖြင့် လူဝင်လူထွက်များသော အရှေ့စောင်းတန်းနှင့် မြောက်စောင်းတန်း၊ လူဝင်လူထွက်နည်းသော အနောက်စောင်းတန်းနှင့် တောင်စောင်းတန်းတို့တွင် စက်ရိယာဖြင့် စမ်းသပ်ခြင်းများ၊ ဝင်လမ်း ထွက်လမ်းများခွဲခြား၍ ဆောင်ရွက်ခြင်းများကို မကြာမီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပက အဖွဲ့ထံမှသိရသည်။

"ဝင်တဲ့သူမှန်သမျှ ကိုယ်အပူချိန်တိုင်းကိရိယာနဲ့ စမ်းသပ်မှုတွေလုပ်သွားမှာပါ၊ စောင်းတန်း လေးသွယ်စလုံးကို အဝင်လမ်းအထွက်လမ်းပိုင်းခြားပါ့မယ်၊ ပိုင်းခြားပြီး အဝင်လမ်းမှာတစ်နေရာမှာ အနည်းဆုံး နှစ်ခုအများဆုံးသုံးခုနဲ့ ကိုယ်အပူချိန်တိုင်းတဲ့ကိစ္စ ဆောင်ရွက်ပါ့မယ်၊ အဲလိုတန်းစီနေတဲ့ ဘေးမှာပဲ လက်သန့်ဆေးဘူးတွေထားပေးပါ့မယ်၊ ဝင်လာတဲ့သူက နေပူထဲကလာတာမျိုး ဖြစ်နိုင် တယ်၊ ဆိုင်ကယ်စီးလာတာမျိုးလည်းဖြစ်နိုင်တယ်၊ အရိပ်ထဲရောက်ပေမယ့် အပူချိန်နည်းနည်းမြင့် တာတွေဖြစ်နိုင်တဲ့အတွက် ငါးမိနစ်လောက်နားပြီးမှ တိုင်းပါ့မယ်၊ ပြန်တိုင်းလို့ သိပ်အဆင်မပြေဘူး ဆိုရင် အပူချိန်မြင့်နေတယ်ဆိုရင် မနက်ဖြန်မှ လာဖူးပါ၊ ဒီနေ့တော့ပြန်ပါဦးဆိုပြီး မေတ္တာရပ်ခံပါ့မယ်၊ အဲဒါမှမဟုတ်ဘဲ ဘုရားဖူးပါရစေလို့ ပြောလာရင် အဲဒီအနီးနားမှာပဲ ကောဇောခင်းပေးထားမယ်၊ အဲဒီနားကနေဖူးပြီး ပြန်လည်ပို့ဆောင်ပေးမှာပါ" ဟု မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။

မဟာမုနိရုပ်ရှင်တော်မြတ်ဘုရားကြီးသို့ လာရောက်သည့် ဘုရားဖူးပြည်သူများအတွက် လက်သန့် ဆေးဘူး (Hand Sanitizer) များ ထားရှိပေးခြင်း၊ လူအများစုဖြင့် ထိတွေ့ရသော ရုံးအဖွဲ့ ဝန်ထမ်း များကို Mask များပေးထားမည်ဖြစ်ပြီး ဘုရားဝင်းအတွင်းရှိ ဈေးသည်များ၊ စောင်းတန်းလေးသွယ်ရှိ ကိုယ်စားလှယ်များကို ချမ်းမြသာစည်မြို့နယ် ကျန်းမာရေးဌာနနှင့် ချိတ်ဆက်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်သော သတိပြုဖွယ်ရာများ၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်