ကန်ကြီးထောင့်မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတွေ့ဆုံပွဲ ကျင်းပ

ကန်ကြီးထောင့်   မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထု တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းယားကြီးကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြည်သူများ၏အခက်အခဲများ၊ တင်ပြမေးမြန်းချက်များအပေါ် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ရှင်းလင်းဆွေးနွေးပေး၍ ဖြေရှင်းပေးနိုင်သည့် ကိစ္စရပ်များအား ဖြေရှင်းပေးနိုင်ရန်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြရန်ကိစ္စရပ်များကို ဆက်လက်တင်ပြ လမ်းညွှန်မှုခံယူသွားရန် ရည်ရွယ်ချက်များဖြင့် ပြည်သူလူထုတွေ့ဆုံပွဲများအား ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ‌ဌာနအလိုက်လုပ်ငန်းဆောင်ရွက်‌မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါ်မြင့်မြင့်သန်း (လက်ထောက် ကျန်းမာရေးမှူး) က ကိုရိုနာဗိုင်းရပ်စ် (COVID-19) အကြောင်းသိကောင်းစရာများနှင့် ရောဂါဖြစ်ပွားနေမှုအခြေအနေများ၊ ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများနှင့် ဆောင်ရန် ရှောင်ရန်များကို အသိပညာပေး ရှင်းလင်း ပြောကြားကာ လက်ကမ်းစာ‌စောင်များကို ဖြန့်ဝေပေးခဲ့သည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကွင်းယားကြီးကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများက ဒေသဖွံ့‌ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြမေးမြန်း ဆွေးနွေးရာ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း‌ဖြေကြားခဲ့ပြီး ဆောင်ရွက်ပေးနိုင်သော ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)