ပေါက် မတ် ၁၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာကျော်က ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ အသိပညာလုပ်ငန်းများ ဆောင်ရွက်ရသည့် အကြောင်းအရာ များကို ဆွေးနွေး ပြောကြားသည်။
ဆက်လက် ပေါက်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်သူနာပြု(၁) ဒေါ်သန်းသန်းဌေးနှင့် ပေါက်မြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်မိမိခိုင်တို့က ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပေါ်လာပုံနှင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရန် တစ်ကိုယ်ရည် သန့်ရှင်းစွာ နေထိုင်ရေး၊ လူများသော နေရာများ သွားရောက်ပါက ဆောင်ရန်/ရှောင်ရန် နည်းလမ်းများနှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်အသုံးပြုခြင်း၊ မှန်ကန်ထိရောက်သည့် လက်ဆေးခြင်း နည်းစနစ်များနှင့် သတင်းအမှားများကို မယုံရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတင်းများကိုသာ အတည်ပြုကြရန်နှင့် မိမိပတ်ဝန်းကျင်တွင် သံသယဖြစ်ဖွယ် လူနာများကို တွေ့ရှိပါက ကျန်းမာရေးဌာနသို့ အကြောင်းကြားရန် ဟောပြောခဲ့သည်။
ယင်းနောက် ပေါက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသော ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ကြည့်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)