နေပြည်တော် မတ် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနက ကျင်းပပြုလုပ်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ်၊ အဟာရသုခဈေးတွင် ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က ‘‘စားသုံးသူများ ဆိုသည်မှာ ပြည်သူများအပြင် ထုတ်လုပ်သူများပါ ပါဝင်ကြောင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်း၊ အသုံးအဆောင်တစ်ခုကို စားသုံးသူများက ဝယ်ယူပြီး သုံးစွဲတဲ့အခါ အရည်အသွေးပြည်မှီ ကောင်းမွန်တဲ့ ပစ္စည်းများရဖို့ အရေးကြီးသလို မှန်မှန်ကန်ကန်ဖြစ်ဖို့လဲ ရေးကြီးကြောင်း ဒါကြောင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ချမှတ်ထားတဲ့ စားသုံးသူရေးရာ ဥပဒေအရ စားသုံးသူများမှာ နစ်နာမှုမရှိရလေအောင် အသိပညာ ဗဟုသုတများ တိုးပွားရအောင် နည်းပေါင်းစုံဖြင့် ပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း’’ ပြောကြားသည်။
ထို့နောက် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး (စားသုံးသူရေးရာဌာနခွဲ) က စားသုံးသူ အခွင့်အရေး(၈)ချက်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး၊ နေပြည်တော် သောက်ရေသန့် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းမှ စားသုံးသူများ၊ လုပ်ငန်းရှင်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ စားသုံးသူများ အန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရွက်ပေးမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ နေပြည်တော် စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက စားသုံးသူရေးရာ ပညာပေး လက်ကမ်းစာစောင်များကို အဟာရသုခဈေးအတွင်း ဖြန့်ဝေပေးကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)