ကြံခင်း. စက်တင်ဘာ. ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုအန္တရာယ်မှ ကင်းဝေးစေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်နှင့် လမ်းဘေး ဈေးဆိုင်များအား ပါဆယ်(Take-Away) စနစ်ရောင်းချမှုကို ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ပါဆယ်(Take-Away) စနစ်ရောင်းချမှု စစ်ဆေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ညွှန်ကြားထားသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များအား ဆိုင်ထိုင်စနစ်မှ ပါဆယ်(Take-Away) စနစ်ဖြင့် ရောင်းချရန် ညွှန်ကြားချက်အပေါ် လိုက်နာဆောင်ရွက်နိုင်ရန် စက်တင်ဘာ (၁၅)ရက်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များအား အသိပေးပြီးဖြစ်ရာ လိုက်နာဆောင်ရွက် ရောင်းချမှုအား ကွင်းဆင်း စစ်ဆေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်တင်မိုးသူနှင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အဖွဲ့များခွဲပြီးစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)