တနင်္သာရီမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက အရေးပေါ်အသုံးပြုရန် သံခွံစက်လှေ (နှစ်) စီးလွှဲပြောင်းပေးအပ်

တနင်္သာရီ  မတ်လ  ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက ‌ဘေးသင့်ပြည်သူများကို ကယ်ဆယ်ရန်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို အလွယ်တကူ ထောက်ပံ့ပို့ဆောင်ရာမှာ အရေးပေါ်အသုံးပြုရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထူးထက်ရှိန် ကုမ္ပဏီမှတာဝန်ယူ တည်ဆောက်ပြီးခဲ့သော သံခွံစက်လှေ(၂)စီးအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းကျင်းပရာ အခမ်းအနားသို့ မြိတ်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းများ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့် ကော်မတီဝင်မြို့နယ်ဌာနဆိုင်ရာ ဦးစီးမှူးများ၊ ရပ်မိရပ်ဖများနှင့် မြို့နယ်ကြက်ခြေနီကော်မတီဥက္ကဋ္ဌနှင့် ထူးထက်ရှိန်ကုမ္ပဏီပိုင်ရှင် ဦးတင်ရှိန်စသဖြင့် (၂၅) ဦး တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ယခုကဲ့သို့ သံခွံလှေ (၂) စီးရရှိသဖြင့် ဝမ်းသာကျေးဇူးတင်ရှိကြောင်း၊ မိမိအနေဖြင့် ဆပ်ကော်မတီဖွဲ့စည်း၍ တာဝန်ပေးထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားပြီး၊ မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက သံခွံစက်လှေ (၂) စီး လွှဲပြောင်းပေးရခြင်း၏ရည်ရွယ်ချက်နှင့် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား) လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် မေခလာ(၁)/မေခလာ(၂)အမည်ရှိ သံခွံစက်လှေ (၂) စီးနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ထူးထက်ရှိန်ကုမ္ပဏီမန်နေးဂျင်း ဒါရိုက်တာဦးတင်ရှိန်မှ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်ထံ လွှဲပြောင်းပေးအပ်သည်။

အဆိုပါ သံခွံစက်လှေသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် လှေတစ်စီးလျှင် ကျပ်သိန်း (၃၀၀) ဖြင့် နှစ်စီးအတွက် သိန်း (၆၀၀) ကျပ်ဖြင့် ထူးထက်ရှိန် ကုမ္ပဏီအား တင်ဒါစနစ်ဖြင့် တာဝန်ယူစေ၍ အလျား(၅၂)ပေ၊ အကျယ် (၈ ဒသမ ၅) ပေ၊ ဇောက် (အနက်) (၄) ပေရှိ Hino HO-7C အင်ဂျင်စက်တပ် သံခွံလှေ(နှစ်)စီးဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)