ပန်းတနော်၊ စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်ခြင်းကို အင်းမကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ စက်တင်ဘာ (၁၅)ရက်နေ့မှ (၁၆)ရက်နေ့ နံနက်(၉) နာရီမှ (၁၂)နာရီထိ မွန်းလွဲ(၁)နာရီမှ (၄)နာရီထိ သင်ကြားပို့ချ ပေးခဲ့သည်။
အခမ်းအနားတွင် ပန်းတနော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် ဦးစိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်း ပို့ချရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပ ဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်နှင့် မဲဆန္ဒစာရင်းပြုစုခြင်း၊ မဲပေးခြင်း မဲရေတွက်ခြင်းနှင့် ရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ မီဒီယာနှင့် ဆက်သွယ်ပြန်ကြားခြင်း စသည့်ဘာသာရပ်များအလိုက် သင်တန်းပို့ချပြီး ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့သည်။
အဆိုပါ သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စက်တင်ဘာလ(၁၅)ရက်မှ (၁၆)ရက်နေ့အထိ (၂) ရက်ကြာ ဖွင့်လှစ်ခဲ့ပြီးသင်တန်းသား(၂၂)ဦး တို့အား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)