မိုးနဲ မတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော နမ့်စန်-မိုးနဲ-မိုင်းတုံ - မိုင်းဆတ် (ပြည်ထောင်စုလမ်း)နှင့် အခြေခံပညာအထက်တန်းကျောင်း (မိုးနဲ) နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုတို့အား စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာန(နေပြည်တော်) ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း၊ လင်းခေးခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်း၊ ခရိုင်စီမံကိန်းဦးစီးမှူး ဦးကျော်သူရ နှင့် မိုးနဲမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ယင်းသို့စစ်ဆေးရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် လမ်းဦးစီးဌာန ပြည်နယ်ငွေလုံး ငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် (ပြည်ထောင်စုလမ်း) မိုးနဲလမ်းပိုင်း ၂၇ ကီလိုမီတာမှ ၃၂ ဒသမ ၅၄ ကီလိုမီတာအထိ ၅ ဒသမ ၅ မီတာအကျယ် ကတ္တရာလမ်း ချဲ့ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပညာရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၀၀ ဒသမ ၅၉၂ သန်းဖြင့် တင်ဒါအောင် ပုလဲမြင့်မြတ် ဆောက်လုပ်ရေးကုမ္ပဏီမှ အလျား ပေ ၁၄၀၊ အနံ ပေ ၃၀ (အာစီစီ)အမျိုးအစား နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးရာ လမ်းလုပ်ငန်းတွင် ခရိုင်လမ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်း ကလည်းကောင်း၊ ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုကို မြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်လုပ်ငန်းခွင်အင်ဂျင်နီယာ ဦးအောင်မြတ်ဦးတို့ကလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီး နမ့်စန်-မိုးနဲ-မိုင်းတုံ -မိုင်းဆတ် (ပြည်ထောင်စုလမ်း)မိုးနဲ လမ်းပိုင်းကတ္တရာလမ်းချဲ့ခင်းခြင်းလုပ်ငန်းကို မြို့နယ်လမ်း ဦးစီးဌာန၊ BLK Htoo ကုမ္ပဏီ နှင့် မျိုးငွေစိုး ကုမ္ပဏီတို့က လမ်းပိုင်းအလိုက် အသီးသီး တာဝန်ယူဆောင်ရွက် ပေးလျက်ရှိ ကြောင်းသိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)