မူဆယ်မြို့နယ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက် လမ်းများအား ကွင်းဆင်းစစ်ဆေး

မူဆယ် မတ် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊နမ့်တောင်း-မုံးပေါ်- မုံးကိုး- ဖောင်းဆိုင်လမ်းတွင် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်းများကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကိန်မိုင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအယ်လ်စိုးထန်တူး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့် မြင့်ဦး၊ မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးကျော်ကျော်မိုးနှင့် တာဝန်ရှိသူတို့က သွားရောက်ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ (၁၀၄၇ဒဿမ၆၉၅) ဖြင့် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ခင်းကျင်း ဆောင်ရွက်လျက်ရှိသော ၂၈ မိုင် ၂ ဖာလုံရှိ နမ့်တောင်း-မုံးပေါ်-မုံးကိုးလမ်းတွင် ကတ္တရာလမ်းသစ်ခင်းခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ၃၄ပေ အကျယ် မြေသားလမ်းချဲ့ခြင်း၊ Box Culvert တည်ဆောက်ခြင်း၊ မြေထိန်းနံရံ တည် ဆောက်ခြင်း၊ မြေကာမျှောတုတ်ရိုက်ခြင်းနှင့် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းတို့ကို ကွင်းဆင်း စစ်ဆေးသည်။

ယင်းနောက် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း(၁၆၄)ဖြင့် မုံးကိုး-ဖောင်းဆိုင်လမ်း (၁၁မိုင်) ခင်းကျင်းဆောက်ရွက်နေမှုနှင့်(၃၄၆ဒဿမ ၄၅)သန်းဖြင့် မုံးကိုး-ကြူကုတ်လမ်း (၁၉မိုင်၆ဖာလုံ) ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးရာ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကိန်မိုင်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြုလုပ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားကာ မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့်တာဝန်ရှိသူများက  လက်ရှိဆောင်ရွက်နေမှုများကို ပြန်လည် ရှင်းလင်းတင်ပြသည်။

 ဆက်လက်ပြီး ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့သည် ဖောင်းဆိုင်ကျေးရွာ၌ ပညာရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း နေနဂါးရောင်ခြည်ကုမ္ပဏီလိမိတက်မှ တင်ဒါ အောင်ကာ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ဖောင်းဆိုင် အ.မ.က ကျောင်းဆောင်သစ်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ နေနဂါးရောင်ခြည်ကုမ္ပဏီလိမိတက်မှ ဦးမောင်အေးက လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး နယ်နိမိတ်မှတ်တိုင်များ ထိန်းသိမ်းရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုမိုင်း (ပြန်/ဆက်)