မြစ်သား မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက Coronavirus Disease 2019 (Covid-19)ပတ်သက်၍ ကြိုတင် ကာကွယ်နိုင်ရေး အစည်းအဝေးကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မိုးက ၃-၂-၂၀၂၀ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် Coronavirus Disease 2019 (Covid-19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်း အဝေး ဆုံးဖြတ်ချက် အပိုဒ်(၄၉) အပိုဒ်ခွဲ(၁၄)တွင် ယခုကာလအတွင်း လူစုလူဝေးဖြင့်ကျင်းပမည့် အခမ်းအနားများကို တတ်နိုင်သမျှရှောင်ရှားရန်နှင့် ကျင်းပပြုလုပ်ရန်ရှိပါက လိုအပ် သည့် ကျန်းမာရေး စိစစ်ထိန်းချုပ်မှုများပြုလုပ်ရန်ဟု ဆုံးဖြတ်ထားရှိပြီး ရပ်ကွက်/ကျေးရွာ အုပ်စုများ အနေဖြင့် ၁၃-၃-၂၀၂၀ မှ ၃၀-၄-၂၀၂၀ ရက်နေ့အထိ လူစုလူဝေးများဖြင့် ကျင်းပမည့် ပျော်ပွဲရွှင်ပွဲများ၊ ဘုရားပွဲများနှင့် အခြားပွဲလမ်း သဘင်များကို ကျင်းပပြုလုပ်ခြင်း မရှိစေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားရန်နှင့် မမှန်ကန်သည့်သတင်းများရေးသား ဖြန့်ဝေသူများအား စုံစမ်းစစ်ဆေးဖော်ထုတ်ရန်၊ မိမိရပ်ကွက်/ကျေးရွာအတွင်း နယ်စပ်မှ ပြန်လာသူများနှင့် မည်သည့်နိုင်ငံခြားသား ဝင်/ထွက်မှုများကိုမဆို စောင့်ကြပ်ကြည့်ရှု သတင်းရယူရန်တို့ကို အသေးစိတ် ဆွေးနွေးမှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲမှု ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ မြို့နယ် စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်းသိရှိရသည်။
ဆုမွန်