မင်းတပ်မြို့၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ​ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မင်းတပ် မတ် ၁၆

မင်းတပ်မြို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ​ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက (COVID-19) ရောဂါ ဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် ယခုကာလအတွင်း လူစုလူဝေးဖြင့်ကျင်းပမည့် အခမ်းအနားနှင့် ဘာသာရေးပွဲများ ကျင်းပခြင်းအားမပြုလုပ်ရန် ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာများအား ရှင်းလင်းသည်။ ဆက်လက်၍ ခရိုင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ Dr.​ဇော်ဝင်းနိုင်က အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ​ကြိုတင် ကာကွယ် နိုင်မည့် နည်းလမ်းများအား ရှင်းလင်းဆွေးနွေးသည်။

အဆိုပါလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မင်းတပ်မြို့နယ် အတွင်းရှိ ဘာသာရေးခေါင်းဆောင်များ၊ CSO များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)