ပုသိမ်ကြီးမြို့နယ်တွင် MRCCI နှင့် ညီနောင်အသင်းများက အခြေခံစားသုံးကုန်များ မူလတန်ဖိုးထက် လျှော့ချပြီးရောင်း

ပုသိမ်ကြီး  မတ်  ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား၊ ပြည်သူများအား  ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း MRCCI နှင့် ညီနောင်အသင်းများ ပူးပေါင်း၍ အခြေခံ စားသုံးကုန်များ ရောင်းချခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်စည်ပင်သာယာရုံးဝင်းအတွင်း၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

"ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်တော့ နိုင်ငံတကာမှာ စားသောက်ကုန်တွေကို လူတွေက အလုအယက်နဲ့ ဝယ်ကြတယ်၊ ပြတ်လပ်တဲ့အထိဖြစ်တယ်။ ကျမတို့နိုင်ငံမှာ အခုမဖြစ်သေးပေမယ့် ဖြစ်လာတဲ့အချိန်မှာ လူတွေ အစားအသောက်တွေကို ကြောက်လန့်တကြား မဝယ်ကြဖို့ ကျမတို့ ကုန်သည်ကြီးများအသင်းမှာ အစည်းအဝေးတွေ လုပ်ပါတယ်၊ အဲဒီမှာ ညီနောင်အသင်း (၃၉) သင်းပါတယ်၊ အသင်းတွေကနေပြီးတော့ စားသောက်ကုန် လုံလောက်မှု အခြေအနေတွေကို တင်ပြတယ်၊ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ အခြေခံ စားသောက်ကုန် ပစ္စည်းတွေကို လုံလောက်စွာပေးနိုင်တယ်။ ကြက်ဥဆိုရင် ခြံကောက်ဈေး ၉၀ ကျပ်နှင့် လကုန်အထိ ပေးနိုင်တယ်။ ဆန်ဆိုရင်လည်း တစ်တင်းကို သုံးသောင်းနှုန်းနဲ့ ဆန်ဒိုင်က ပေးပါတယ်၊ အပြင်မှာ ဆန်တစ်ပြည်ကို ၁၅၀၀ ကျပ်ဆိုရင် အခု ၁၀၀၀ကျပ် ဝန်းကျင်နဲ့ ပေးပါတယ်၊ ကြက်ဥကိုလည်း အပြင်မှာ ၁၂၀ ကျပ် ဝန်းကျင်ရှိပေမယ့် ဒီမှာ ၉၀ကျပ် နဲ့ ရောင်းချပေးနေတာပါ၊ အပိုပါတဲ့ ငရုပ်သီးမှုန့် စတာတွေကတော့ ဒီနေ့အဖို့ လှူကြတာပါ၊ အခြေခံစားသောက်ကုန်တွေကို လုံလုံလောက်လောက်နဲ့ ရရှိနိုင်ကြောင်း ပြည်သူတွေကို အသိပေးတာပါ၊ ဈေးနှုန်းများကိုလည်း လိုအပ်ရင် ထပ်လျှော့ချပေးမှာ ဖြစ်ပါတယ် ကုန်သည်များအသင်း ဥက္ကဋ္ဌတွေက ပြောပါတယ်" ဟု ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က ပြောကြားသည်။ စနစ်တကျ ဝယ်ယူနိုင်ရန် မြို့နယ်အုပ်ချုပ်မှူးနှင့် မြို့နယ်စည်ပင်သာယာမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြသည်။ ယနေ့တွင် ပုသိမ်ကြီးမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှာ ရောင်းချပေးတာဖြစ်ပြီး နောက်နေ့များတွင် မန္တလေး (၇) မြို့နယ်လုံးမှာ လှည့်လည်ရောင်းချပေးမှာဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

အဆိုပါ ရောင်းချမှုများမှာ ဆန်တစ်ပြည်၊ ကြက်ဥ (၆) လုံး၊ ပဲဆီစစ်စစ် (၁၅) ကျပ်သား၊ လက်ဖက်နှင့် အကြော်စုံဖြစ်ပြီး စုစုပေါင်း (၃၅၅၀) ကျပ် တန်ဖိုးရှိ ပစ္စည်းများကို မူလတန်ဖိုးထက် လျှော့ချ၍ (၂၀၀၀) ကျပ်နှုန်းဖြင့် လူဦးရေ (၅၀၀) အား ရောင်းချသွားမည်ဖြစ်ပြီ၊ ရောင်းချရာသို့ အစိုးရဝန်ထမ်းများ၊ ပြည်သူများ၊ လာရောက်ဝယ်ယူခဲ့ကြသည်။

ထိုသို့ရောင်းချရာတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီးဥက္ကဋ္ဌ ဒေါက်တာ ကျော်ထင်၊ ဒုဥက္ကဋ္ဌ ဒေါက်တာအောင်ခိုင်သန်း၊ အတွင်းရေးမှူး ဒေါက်တာနေသူရိန်၊ MRCCI ဒုဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို