ကြံခင်း မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထာင်စု လွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) ဖြင့် ဆောင်ရွက်မည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် (ပထမ အကြိမ်) ၅၀ ရာခိုင်နှုန်း ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်းက လုပ်ငန်းများ စိစစ်ရွေးချယ်ပုံ၊ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ စစ်ဆေး ဆောင်ရွက် ပုံများကို ရှင်းလင်း ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က နိုင်ငံတော် အစိုးရက ပြည်သူများ၏ လိုအပ်ချက်ဖြစ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးခြင်း ဖြစ်သည့်အတွက် လုပ်ငန်း ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး၊ အရည်အသွေး ပြည့်မီပြီး စည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း (၁၀၀၀)ဖြင့် ဆောင်ရွက်မည့် ကြံခင်းမြို့နယ်အတွင်းမှ တည်နေရာ (၃၄)နေရာ အတွက် လုပ်ငန်း(၇)မျိုးဖြင့် ဆောင်ရွက်ရန် ခွင့်ပြုငွေ (ပထမအကြိမ်) ၅၀ ရာခိုင်နှုန်းအား သက်ဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌများအား ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုး၊ ပြည်ထောင်စု လွှတ်တော် ဖွံ့ဖြိုးရေး လုပ်ငန်း ကော်မတီဝင်များ၊ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံး အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ၊ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုးမိုး (ပြန်/ဆက်)