နမ့်ဆန် မတ် ၁၇
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် နယ်ဝေးမှ ဝင်ရောက်လာ သည့် ခရီးသည် များအား COVID-19 ကိုရိုနာဗိုင်းရပ်စ် ရှိ/မရှိ စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းကို ယမန်နေ့က ညနေ (၅)နာရီ အထိ မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ့်ဆန်မြို့နေ ပြည်သူများ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မရှိစေရေး ကြိုတင် ကာကွယ်ခြင်း လုပ်ငန်း ကော်မတီဖြစ်သည့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် COVID-19 စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်း ကော်မတီ အဖွဲ့တို့က မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မန္တလေးနှင့် အခြားသော မြို့နယ်များမှ ဝင်ရောက် လာသည့် ခရီးသည်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် ဝင်ရောက် လာသည့် ခရီးသည်များကို တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ခရီးသည်များ ပါရှိခြင်း ရှိ/မရှိ၊ စစ်ဆေးပြီး အပူချိန် တိုင်းတာစက်ဖြင့် တိုင်းတာခြင်း၊ အသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းနှင့် COVID-19 ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးနှင့် ပတ်သက်၍ လူအချင်းချင်း ကူးစက် ပြန့်ပွားမှု မရှိလေအောင် လက်ဆေးခြင်း အသိပညာပေးပြီး ယမန်နေ့အထိ စစ်ဆေး ချက်အရ ရောဂါဖြစ်ပွားသူ သံသယလူနာ မရှိကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)