ပုသိမ် စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကာကွယ်ကုသခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ သတင်းစာ ရှင်းလင်းပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီ အချိန်တွင် တိုင်းကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာသန်းထွန်းအောင်က ကိုဗစ် -၁၉ ရောဂါနှင့် ပတ်သက်၍ ရောဂါမဖြစ်မီနှင့် ရောဂါဖြစ်ပွားရခြင်း အကြောင်းအရာများ၊ တိုင်းဒေသကြီးအစိုးရနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းများတွင်ရှိသည့်သူများ၏ ကျန်းမာရေး အခြေအနေများနှင့်၊ ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်မှု၊ ကျန်းမာရေးအစီအမံများ၊ သေဆုံးမှုနှင့် ကူးစက်မှုများပြားလာသည့် အခြေအနေများ၊ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ COVID -19 Pandemic Preparedness Plan လုပ်ငန်းစီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက် နေမှုများ၊ တိုင်းဒေသကြီးနှင့်မြို့နယ် အဆင့်များတွင် ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း ကော်မတီများ၏ ဆောင်ရွက်ချက်များ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များတွင် Quarantine Centre ကြိုတင် ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက သိလိုသည်များကို မေးမြန်ကြရာ တိုင်းဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင် နှင့် တာဝန်ရှိသူများက ဖြေကြားခဲ့ကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်၊ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာ သီဟအောင်နှင့်၊ ဒေါက်တာ ဥမ္မာမြင့်၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမျိုးသီဟတို့က ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)