ဝါးခယ်မ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းရှိ မြို့မစျေးအပါအဝင် စျေးရောင်း စျေးဝယ်များအနေဖြင့် ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်နိုင်စေရေးနှင့် တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ကြေညာထားသော သတိပေး တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအား လိုက်နာစေရေးအတွက် တာဝန်ရှိသူများက ယနေ့ နံနက် ၈ နာရီတွင် မြို့မစျေးအတွင်း အသိပညာပေးခြင်းကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“တိုင်းဒေသကြီး ကိုဗစ် ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ကြေညာချက် ဖြစ်တဲ့ မြို့နယ်အတွင်း စက်တင်ဘာလ (၂၁) မှစပြီး အောက်တိုဘာလ (၁) ရက် အထိ ဈေးမှာရှိတဲ့ အခြေခံ စားသောက်ကုန်ပစ္စည်းနဲ့ ဆေးဝါးပစ္စည်းများရောင်းချသည့်ဆိုင်တွေကို နေ့စဉ် နံနက် (၆)နာရီမှ မွန်းလွဲ (၂)နာရီ အထိ ရောင်းချခွင့်ပြုပြီး ကျန်ဆိုင်များ ပိတ်ထားရမယ်။ မြို့တွင်း ဈေးဆိုင်၊ အိမ်ဆိုင်များဖြစ်တဲ့ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ စတိုးဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၊ ဌာနဆိုင်ရာ သက်သာဈေးဆိုင်ခန်းများ၊ ဘုရားဈေးဆိုင် ခန်းများကိုလည်း နံနက်(၆)နာရီမှ မွန်းလွဲ (၂)နာရီအတွင်း ပုဂ္ဂလိက ဆေးဝါးအရောင်းဆိုင်များကို နေ့စဉ် နံနက်(၆) နာရီမှ ည(၈)နာရီအထိ ရောင်းချခွင့်ပြုမှာ ဖြစ်ပါတယ်။ ထုတ်ပြန်ကြေညာချက်များကို ပြည်သူတွေ သိရှိလိုက်နာ စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မြို့နယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပြီးဖြစ်ပါ တယ်။ မြို့မစျေးမှာရှိတဲ့ စျေးရောင်း စျေးဝယ်များအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့်အညီ ရောင်းချစေရေးအတွက် ထပ်မံအသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ပါတယ်" ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က ပြောကြားသည်။
အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး မြို့မစျေးအတွင်း စျေးရောင်း စျေးဝယ် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ လမ်းညွှန်ထားသော ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့်အညီ စျေးရောင်းစျေးဝယ် ပြုလုပ်နိုင်စေရေးအတွက် နေ့စဉ်အသိပညာပေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)