လေးမျက်နှာ စက်တင်ဘာ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ ကျေးလက်နေ ပြည်သူများ၏ မိသားစုဝင် ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများအပေါ် ကုစားပေးနိုင်ရန်အတွက်(CERP)အရ ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာနှစ်ရွာအား ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် Covid-19 Economic Relief Plan (CERP)အရ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်းများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက် နိုင်စေရန်အတွက် (VRFP) စီမံကိန်း ဝင်ကျေးရွာ(၁၀)ရွာအား စီမံကိန်းရန်ပုံငွေကျပ်သိန်းပေါင်း (၂၈၀၀)ကို ထုတ်ချေးပေးခဲ့ပြီး ဖြစ်ကြောင်း၊ စီမံကိန်းဝင်ကျေးရွာများအနေဖြင့် မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း မြို့နယ်ကျေး/လက် ဦးစီးမှူးထံမှ သိရသည်။
အဆိုပါ စီမံကိန်းရန်ပုံငွေဖြင့် ခမောက်စုကျေးရွာအုပ်စု၊ မရမ်းအိုင်ကျေးရွာနှင့် ရှားဖြူကျင်းကျေးရွာအုပ်စု၊ အချုပ်ကြီး ကျေးရွာတို့တွင် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း၊ အရောင်းအဝယ် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် ဝန်ထမ်းများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေမိုး(လေးမျက်နှာ)