ကြံခင်း၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပ

ကြံခင်း စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်လွင်မှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့မှ စက်တင်ဘာလ(၁)ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲကာလတွင် ပါတီအဖွဲ့များ အငြင်းပွားမှု မဖြစ်စေရေးအတွက် အချိန်တိုအတွင်း စေ့စပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးနိုင်ရန်လိုကြောင်း၊ ရွေးကောက်ပွဲကို စံ(၅)ရပ်နှင့်အညီ ကျင်းပပြုလုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းများကိုလည်း ပထမအကြိမ် ကပ်ထားကြေညာပြီးဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များကိုလည်း သင်တန်း ပို့ချ ပေးခဲ့ပြီးဖြစ်ကြောင်း၊ မဲရုံမှူး၊ မဲရုံးအဖွဲ့ဝင်များကိုလည်း မဲရုံအလိုက် ခန့်ထားတာဝန်ပေးနိုင်ရန် စီစဉ်ထားကြောင်းနှင့် လုပ်ငန်းလမ်းညွှန် သင်တန်းပို့ချနိုင်ရေး အတွက်လည်း စီစဉ်နေပါကြောင်း၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရန် စီစဉ်နေပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စေရန် အငြင်းပွားမှု ပြဿနာများကို ကော်မတီဝင်များ ဖြေရှင်းပေးကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် တတ်ရောက်လာကြသူများမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းအောင်မြင်ရေးအတွက် လိုအပ်ချက်များ အား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များ၊ နိုင်ငံရေးပါတီ(၅)ခုမှ ပါတီ ကိုယ်စားလှယ် များ တတ်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)