ဘိုကလေး စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ နေ့စဉ်နှင့်အမျှ ပြန့်ပွားကူးစက်လာသည့်အတွက် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ စည်ပင်သာယာဈေးများနှင့် မြို့နယ်တွင်းရှိဈေးဆိုင်များ၊ ဆိုင်ခန်းများအား တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက် များအတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရန် အတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးဝင်းခိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကာ ယနေ့နံနက်(၁၀)နာရီတွင် အသံချဲ့စက်နှင့်အတူ ဈေးဆိုင်ခန်းများအရောက် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ နှိုးဆော်ဆောင်ရွက်ခြင်းကို စည်ပင်သာယာရေး ဈေးများအတွင်းရှိ အခြေခံစားသောက်ကုန် ပစ္စည်းများ နှင့် ဆေးဝါးရောင်းချသည့် ဆိုင်များအနေဖြင့် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်၍ နေ့စဉ် နံနက်(၆)နာရီမှ မွန်းလွဲ(၂)နာရီအထိသာ ရောင်းချရမည်ဖြစ်ကြောင်းနှင့် ကျန်ဆိုင်ခန်းများ ယာယီပိတ်ထား ရမည်ဖြစ်ကြောင်း၊ မြို့တွင်း ဈေးဆိုင်များ၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ စတိုးဆိုင်၊ ကုန်ခြောက်ဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင်၊ ဌာနဆိုင်ရာ သက်သာဈေးဆိုင်ခန်းများ၊ ဘုရားဈေးဆိုင်ခန်းများ အနေဖြင့် နံနက်(၆) နာရီမှ ည(၈)နာရီအထိ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရမည်ဖြစ်ကြောင်း နှိုးဆော်ဆောင်ရွက် ခဲ့ပြီး စည်ပင်သာယာရေးဈေးများတွင် ထားရှိသည့် လက်ဆေးဘေစင်များ စနစ်တကျ အသုံးပြုနိုင်စေရေး အသိပညာပေးခြင်းများနှင့် ထားရှိမှုနှင့် ပတ်သက်၍ ကြပ်မက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)