ညောင်တုန်း စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဈေးများတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့တို့က ယနေ့နံနက် ၆ နာရီခွဲတွင် မြို့မဈေးကြီး၌ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့သို့ စစ်ဆေးရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့် အဖွဲ့ဝင်များက ဈေးများအတွင်း ရောင်းချနေသော အခြေခံစားသောက် ကုန်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ ရောင်းချသည့်ဆိုင်များအား စက်တင်ဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ နေ့စဉ် နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီအထိသာ ရောင်းချဖွင့်လှစ်ပြီး ကျန်ရှိသည့် ဆိုင်များအား ယာယီ ပိတ်သိမ်းထားရှိရန် ညွှန်ကြားချက်များအား ဈေးရောင်းသူများမှ လိုက်နာဆောင်ရွက်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအစီအမံများ ဆောင်ရွက်ထားရှိ၍ စနစ်တကျ ရောင်းချခြင်း ရှိ/မရှိတို့အား စစ်ဆေးခဲ့သည်။
ထိုနောက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့တို့မှ တာဝန်ရှိသူများက (၈) လမ်းဈေး၊ တာကွေ့ဈေး၊ ချောင်းကြီးဈေးနှင့် ဆားမလောက် ဈေးတို့တွင် ရောင်းချ နေသော ဈေးသည်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)