မိုင်းကိုင် မတ် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ် အတွင်း ကျန်းမာရေး အသိပညာ ဗဟုသုတများ ပြန့်ပွားစေရေး ဝေးလံခေါင်ဖျား ကျေးလက်ဒေသများ အထိ ကျန်းမာရေး ပြုစု စောင့်ရှောက်မှုများ လွမ်းခြုံနိုင်ရေး အတွက် ရည်ရွယ် ၍ ယနေ့ နံနက်က မြို့နယ် ပြည်သူ့ ဆေးရုံ၌ အရန်သားဖွားသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မိုင်းကိုင်မြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ်(၁)၊ ပြည်နယ် လွှတ်တော် ကိုယ် စားလှယ် ဦးစိုင်းပန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်တို့က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းထွန်းလှိုင်း က မြို့နယ်အတွင်း သားဖွားမိခင်သေဆုံးနှုန်း၊ ငါးနှစ်အောက် ကလေးသေဆုံးနှုန်း လျော့ချရေး၊ ထောင်စုနှစ် ကျန်းမာရေး ရည်မှန်း ချက်များ ပိုမိုတိုးတက် အောင်မြင်လာစေရေး၊ ကျန်းမာရေး ပြုစု စောင့်ရှောက်မှု လက်လှမ်းမမီ နိုင်သေးသည့် ကျေးလက်ဒေသများအထိ ကျန်းမာရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် ယခုနှစ်တွင် ကျေးရွာအုပ်စု ပေါင်း(၇)အုပ်စုမှ ရပ်ရွာကိုယ်စားပြု အရန်သားဖွား သင်တန်းသူ (၁၅)ဦးကို သင်ကြား ပေးသွားမည်ဖြစ်ကြောင်း နှင့် သင်တန်းကာလ (၆) လနှင့် လက်တွေ့ကွင်းဆင်းကာလ (၃)လ ကွင်းဆင်း ဆောင်ရွက် စေပြီး ရပ်ရွာဒေသ အတွက် အရန် သားဖွားဆရာမ များကို မွေးထုတ်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။
ယခုဖွင့်လှစ်ခဲ့သော အရန်သားဖွား ဆရာမသင်တန်းသည် မြို့နယ် ကျန်းမာရေး ဦးစီး ဌာနနှင့် R.I(Relife International Myanmar) တို့က ပူးပေါင်း၍ ထောက်ပံ့မှု၊ သင်ကြားမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)