ဟိုင်းကြီးကျွန်းမြို့၌ ကိုးနဝင်းစေတီတော်မြတ်အား ထီးတော်တင် မင်္ဂလာအခမ်းအနားနှင့် အနေကဇာတင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ် (၁) ရပ်ကွက်၊ ကျိုက်တိစေတီတော်ရင်ပြင်တွင် တည်ထားကိုးကွယ်တော်မူသော ကိုးနဝင်းစေတီတော်အား ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ (၀၇း၁၅) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပြီး အနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၀၆း၀၀) နာရီအချိန်တွင် ကျိုက်တိစေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အလှူရှင်မိသားစုများမှ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်မြတ်တို့အား ဆရာတော်အရှင်သူမြတ်တို့ထံ ဆက်ကပ်လှူဒါန်းပြီး ယမန်နေ့နံနက် (၀၇း၁၅) မင်္ဂလာအချိန်တွင် ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်မြတ်တို့အား ပန်းရထားဖြင့် သယ်ယူပင့်ဆောင်၍ ထီးတော်တင် မင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် စတင်ကျင်းပ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး ယနေ့ နံနက် (၀၆း၀၀) နာရီအချိန်တွင် သံဃာတော်အရှင်သူမြတ်တို့မှ အနေကဇာတင် မင်္ဂလာအခမ်းအနားကို စတင်ကျင်းပဆောင်ရွက်ခဲ့ပြီး ကြွရောက်လာကြသော ဧည့်ပရိသတ်များအား တရားရေအေး အမြိုက်ဆေးများတိုက်ကျွေးကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင် ဟိုင်းကြီး (ကျွန်း ပြန်/ဆက်)