မအူပင် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် အမှတ်(၈)ရပ်ကွက် လောကနတ်တည်းခိုရိပ်သာ ပြုံးရောင်ခြယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ခရိုင်အဖွဲ့ခွဲဝင်များ၏ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မဲဆွယ်စည်းရုံးရာတွင် နိုင်ငံရေးပါတီများ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်ပါက ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်များနှင့်အညီ စေ့စပ်ညှိနှိုင်းသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနေမျိုးက နိုင်ငံရေး ပါတီများက တင်ပြလာသော အငြင်းပွားမှုများအား စေ့စပ်ညှိနှိုင်းရာတွင် ခက်ခဲသော အခြေအနေပေါ်ပေါက်လာပါက တိုင်းဒေသကြီး ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ လမ်းညွှန်မှုကိုခံယူကာ ဆောင်ရွက်ရေးတို့ကိုဆွေးနွေးပြောကြား ခဲ့သည်။
မအူပင်ခရိုင်အနေဖြင့် ၂၀၂၀ ပြည့်နှစ်နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက် လာပါက ညှိနှိုင်းဖြေရှင်း ဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအား ဥက္ကဋ္ဌနှင့် အတွင်းရေး မှူး အပါအဝင် စုစုပေါင်း(၃၁)ဦးနှင့် ဖွဲ့စည်းထားကြောင်း မအူပင်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံထံမှ သိရသည်။
အောင်ခိုင်(မအူပင်)