ကန်ကြီးထောင့်မြို့၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ကန်ကြီးထောင့်၊ မတ် ၁၈

ပြည်သူများ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ခြင်းနည်းလမ်းများကိုကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီက လူစည်ကားရာနေရာများ၌ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်မှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်မှဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် လူမှုကူညီရေးအဖွဲ့များမှ အမှတ်-၁ (အ.ထ.က)ကျောင်းရှေ့၊ ကန်ကြီးထောင့် မြို့မဈေး၊ ဆိုင်ကယ်ကယ်ရီဂိတ်၊ စက်လှေဆိပ်နှင့် လူစည်ကားရာနေရာများတွင်  ကိုရိုနာဗိုင်းရပ်စ်‌ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ‌ခြင်းနှင့် လက်သန့်ဆေးရည်ဖျန်းပေးခြင်းများကို‌ ဆောင်ရွက်ခဲ့ကြပြီး ရောဂါကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကိုရိုနာဗိုင်းရပ်စ်‌ရောဂါ သံသယရှိသူကိုတွေ့ရှိပါက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးဌာနများသို့ အမြန်ဆုံးဆက်သွယ်သတင်း‌ပေးပို့ ကုသမှုခံယူကြရန် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)