အိမ်မဲမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

အိမ်မဲ မတ် ၁၈

ဧရာဝတီတိုင်း​ဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ မြို့မဈေးကြီးအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများ စုပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မတ်လ ၁၇ ရက် နံနက် ၉ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများက မြို့မဈေးကြီးအတွင်း သား၊ ငါးရောင်းချနေသော ဝက်၊ ဆိတ်၊ အမဲ၊ ကြက်၊ ဘဲ၊ ငါး အသားစိမ်းရောင်းချနေသော ဈေးသည်များ၊ သားသတ်ရုံ လုပ်ကိုင်နေသူများအား တိရိစ္ဆာန်မှတစ်ဆင့် ရောဂါကူးစက်နိုင်ခြေ အများဆုံးဖြစ်သဖြင့် ရောဂါမဖြစ်ပွားစေရန်နှင့် အခြားသူများသို့ မကူးစက်စေရန် ပါးစပ်နှင့် နှာခေါင်းစီး၊ ရှေ့ဖုံးအကာအကွယ် (Apron)၊ လက်အိတ်နှင့် လည်ရှည်ဖိနပ်များ ဝတ်ဆင် အသုံးပြုနေမှုတို့ကို လိုက်လံ စစ်ဆေးခဲ့ပြီး အသိပညာပေး ဟောပြော ပေးခဲ့ကြောင်းသိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)