ကော့သောင်း မတ် ၁၈
ယနေ့ကမ္ဘာနိုင်ငံတစ်ချို့တွင်ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါ မြန်မာနိုင်ငံဒေသအသီးသီးသို့ ဝင်ရောက်ကူးစက်ပျံ့ပွားမှုမရှိစေရေး နယ်စပ် အဝင်/အထွက်ဂိတ်ရှိသည့် မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့များတွင် တာဝန်ရှိအဖွဲ့အစည်းများ တားဆီး ကာကွယ်ရေး လုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ-ထိုင်းနယ်စပ် ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်း-ရနောင်း မြို့များသို့နယ်စပ်ဖြတ်သန်း သွားလာမှုအခြေအနေမှာ ယနေ့အထိ ပုံမှန်အပြန်အလှန်ကူးသန်းသွားလာလျှက်ရှိကြပြီး စားဝတ်နေရေးနှင့် စီးပွားရေးကိစ္စများအလို့ငှာ နေ့စဉ်ရောင်းဝယ်ဖေါက်ကား ဝင်ထွက်သွားရောက် လျက်ရှိသည့် မြို့ခံပြည်သူများနှင့် ထိုင်းနိုင်ငံမှလာရောက်သည့် ဧည့်သည်များအား မြန်မာနိုင်ငံဖက်ခြမ်းတွင် နေ့စဉ်နယ်စပ်ဂိတ်စတင်ဖွင့်လှစ်သည့် နံနက်ပိုင်းမှပိတ်သိမ်းချိန် ညနေပိုင်းအထိအဏ္ဏဝါရပ်ကွက်၊ မြို့မတံတား၊ ဓမ္မာရုံကူးတို့ဆိပ်တံတားတို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက သတိပြုစစ်ဆေး တားဆီးကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ တဖက် ထိုင်းနိုင်ငံ ရနောင်းမြို့ ဆိပ်ကမ်းတွင်လည်း တားဆီးကာကွယ်စစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းကိုတွေ့ရသည်။
အဆိုပါဗိုင်းရပ်စ် ကူးစက်မှုအခြေအနေသည် မြန်မာနိုင်ငံ၏ အိမ်နီးခြင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် ရောဂါပိုးကူးစက်ခံရသူများနှင့် ရောဂါဖြစ်ပွားနေသူများကို စိုးရိမ်ဖွယ်ရာ တွေ့ရှိနေရသဖြင့် ထိုင်းနိုင်ငံမှတဆင့် ဝင်ရောက်လာသည့် နိုင်ငံစုံမှ ခရီးသွားဧည့်သည်များထံမှ ကော့သောင်းမြို့ အတွင်းသို့ ရောဂါပိုးကူးစက်ခံရသူများပါဝင်လာခြင်းမရှိစေရေး အလေးပေးဆောင်ရွက်လျက်ရှိပြီး ယနေ့အထိမြန်မာနိုင်ငံ ကော့သောင်းမြို့အတွင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားဧည့်သည်များနှင့် ထိုင်းနိုင်ငံသို့သွားရောက်ခဲ့သည့် ဒေသခံပြည်သူများထံမှ ဗိုင်းရပ်(စ်)ပိုးကူးစက်ခံရသည့် သံသယရှိသူ စစ်ဆေးပေါ်ပေါက်မှုမရှိသေးကြောင်းကျန်းမာရေးဌာန၏ သတင်းများအရ သိရသည်။
ကျော်စိုး(ကော့သောင်း)