COVID-19 ရောဂါကို လက်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ရန် လက်ဆေးရေစင်များ တပ်ဆင်လှူဒါန်း

ဟင်္သာတ မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်‌ Coronavirus Disease 2019 (COVID-19) ရောဂါကို လက်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ရန် လက်ဆေးရေစင်များ ထားရှိ လှူဒါန်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပဒေသာဈေးကြီးအနီး အ.ထ.က(၅) ကျောင်းရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ဆရာ/ဆရာမများနဲ့ ကျောင်းသား၊ ကျောင်းသူ ဟေင်းများ စုပေါင်းလှူဒါန်းငွေနဲ့ ဒီလက်ဆေးရေစင်တွေကို လှူဒါန်းတာဖြစ်တယ်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ အော်ရီဒူး ဆက်သွယ်ရေးတို့ ပူးပေါင်းပြီး နေပူဒဏ်ကာကွယ်နိုင်အောင် ထီးအမိုးတွေ ဖြည့်စွက်လှူဒါန်းပေးတော့ ပိုပြီးပြည့်စုံသွားရပါတယ်၊ အဓိကကတော့ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုပြီးထိရောက်တယ် ဆိုတဲ့ အတိုင်း တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် အများပြည်သူအကျိုးရှိစွာ အသုံးပြုနိုင်အောင် ခုလိုလုပ်ရတာဖြစ်ပါတယ်” ဟု ဦးသန်းဇော်ဦးက ပြောသည်။

အဆိုပါ လက်ဆေးရေစင် ထားရှိပေးခြင်းများကို သီးခြားအလှူရှင်‌များ၏ ထပ်မံလှူဒါန်းငွေဖြင့် လူဝင်လူထွက်များသည့် ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်နှင့်  ပြည်သူ့ဆေးရုံကြီးတို့တွင် တပ်ဆင်ပေး‌နေပြီး အခြားလူစည်ကားသည့် နေရာများတွင် ထားရှိပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ကျော်ကျော်(ပြန်/ဆက်)