သီပေါ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် လောင်ခွန်ကျေးရွာအုပ်စု တိန်းခမ်းကျေးရွာတွင် မြို့နယ်စိုက်ပျိုးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲပိုင်းက စွမ်းအားမြှင့်မီးဖိုများ သုံးစွဲခြင်းဆိုင်ရာ သိကောင်းစရာများ၊ ရာသီဉတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေ ဖြစ်စေမည့်သီးနှံများ အထွက်နှုန်း တိုးတက်ရေးဆိုင်ရာ ပညာပေးဆွေးနွေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝေမိုးသူက စွမ်းအားမြှင့် မီးဖိုသုံးစွဲခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ယခင်က အသုံးပြုခဲ့သည့် မီးဖိုများထက် စွမ်းအားမြှင့် မီးဖိုများသည် ထင်းလောင်စာ မြောက်များစွာ သက်သာမည်ဖြစ်ပါ ကြောင်း၊ ထင်းလောင်စာများ ကိုလျှော့ပေါ့စွာ အသုံးပြုခြင်းဖြင့် သစ်တောပြုန်းတီးခြင်းကို ကာကွယ်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေခြင်း၊ ရာသီဉတုဖောက်ပြန်မှုများ လျော့နည်းလာစေမည်ဖြစ်ပြီး ကျန်းမာရေးအတွက် များစွာအထောက်အကူ ရရှိစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ရာသီဉတုနှင့် လိုက်လျောညီထွေ ဖြစ်စေပြီး ဝင်ငွေပိုမိုကောင်းလာစေမည့် သီးနှံများ ရွေးချယ်စိုက်ပျိုးကြရမည်ဖြစ်ပါကြောင်း၊ ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍကိုမြှင့်တင်နိုင်စေရန်အတွက် နိုင်ငံတော်အစိုးရမှ စိုက်ပျိုးရေး တောင်သူများအား မျိုးစေ့များနှင့် စိုက်ပျိုးရေးစရိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ စိုက်ပျိုးနည်းပညာများကိုလည်း လက်တွေ့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
အဆိုပါ စွမ်းအားမြှင့် မီးဖိုများကို လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများကို အဓိကထား ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ပထမအကြိမ်တွင် စွမ်းအားမြှင့် မီးဖိုအလုံးပေါင်း(၉၀၀၀)အား ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဒုတိယအကြိမ်တွင် (၉၀၀၀) ကို ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)