မန္တလေးမြို့တွင် "ခေါင်းဆောင်မှုနှင့် ကိုယ်ကျင့်တရား" ခေါင်းစဉ်ဖြင့် လူငယ်နှီးနှောဖလှယ်ပွဲကျင်းပ

 

မန္တလေး မတ် ၁

မန္တလေးမြို့ရှိ ဘာသာပေါင်းစုံမှ လူငယ်များ စွမ်းဆောင်ရည်မြင့်မားပြီး အချင်းချင်း တန်ဖိုးထားလေးစား တတ်စေရန်၊  ငြိမ်းချမ်းရေးအား ဖော်ဆောင်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍ အနေဖြင့် တစ်ထောင့် တစ်နေရာမှ ပါဝင်နိုင်စေရန်၊ ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် "ခေါင်းဆောင်မှုနှင့် ကိုယ်ကျင့်တရား" လူငယ်နှီးနှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေးမြို့၊  ၂၆x၂၇လမ်းကြား၊ ၈၃ လမ်းရှိ ရတနာသိင်္ဂီဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

နှီးနှောဖလှယ်ပွဲတွင် YMCA OF Mandalay အသင်းမှ ဦးဆောင်သူ ဒေါ်စုစန္ဒီကျော်က မိတ်ဆက်စကား ပြောကြားပြီး အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မန္တလေးတက္ကသိုလ် ဒဿနိကဗေဒဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာ ကိုကိုမောင်က "လူငယ်နှင့် ကိုယ်ကျင့်တရား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာ မရမ်နော်အောင်က "လူငယ်နှင့် စေတနာ့ဝန်ထမ်း" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသူများမှ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ ကြသည်။

အဆိုပါဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၉ ရက်မှ မတ် ၁ရက်အထိ  ကျင်းပသွားမည်ဖြစ်ပြီး နှီးနှောဖလှယ်ပွဲသို့  YMCA OF Mandalay အသင်းမှ တာဝန်ရှိသူများ၊ တက္ကသိုလ်/ကောလိပ်၊ လုပ်ငန်းခွင်နှင့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ လူငယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)