ဖားကန့်၌ တစ်ရက်အတွင်း ကျောက်ခဲထိမှန်မှုနှင့် ကမ်းပါးပြိုကျမှုတို့ကြောင့် ရေမဆေး ကျောက်ရှာသူနှစ်ဦးသေဆုံး

ဖားကန့် စက်တင်ဘာ ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ စက်တင်ဘာ ၂၃ ရက်နေ့တွင် တစ်ရက်အတွင်း ကျောက်ခဲ ထိမှန်မှုဖြစ်စဉ်နှင့် ကမ်းပါးပြိုကျမှုတို့ကြောင့် ရေမဆေးကျောက်ရှာသူ နှစ်ဦးသေဆုံးခဲ့ရ ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၃ ရက်တွင် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါမှော်ရှိ တစ်သုံးလုံး ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံ၌ မျောတိုက်ပြီး ရေမဆေးကျောက်ရှာဖွေနေသူ မောင်ဒါးပဲ (၂၃)နှစ်သည် အမြင့်ပေ(၉၀)ခန့်မှ ပြုတ်ကျလာသည့် ကျောက်ခဲထိမှန်မှုကြောင့် ဦးခေါင်း ပေါက်ပြဲဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ညနေ ၆ နာရီခန့်တွင် ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာရှိ ရတနာအဓိပတိ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တွင် ရေမဆေးကျောက်ရှာဖွေနေသူ မောင်ရုံးရှိ(ခ)ရှမ်းကုလား (၃၇)နှစ်သည် အမြင့်ပေ(၁၂၀)ခန့်မှ ကမ်းပါးယံ ပြိုကျခဲ့သဖြင့် အောက်ဘက်ရေကန်အတွင်း မျောပါသွားပြီး ယမန်နေ့ နံနက်ပိုင်းတွင် ရုပ်အလောင်းအား လူမှုရေးအသင်း အဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဖားကန့်ရတနာနယ်မြေတွင် မိုးတွင်းကာလ ဇူလိုင် ၁ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများ ရပ်နားထားပြီး မြို့နယ်အတွင်း အန္တရာယ်ရှိနေရာများတွင် ရေမဆေးကျောက် တူးဖော်ရှာဖွေခြင်း၊ ရွှေမျောတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ လည်း ထုတ်ပြန်ထားပြီးဖြစ်ကြောင်းသိရသည်။

တာလင်းမောင်(ပြန်/ဆက်)