မတ္တရာ မတ် ၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျေးရွာအုပ်စု အလွတ်တန်း (ဂိုးလတ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့ သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဇာတိမာန်ဘောလုံးအသင်းနှင့် အောက်ကင်းကျေးရွာ ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်၊ မြို့နယ်ရဲတပ်မှူး ရဲမှူးကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ဘောလုံးသမားများ၊ ဘောလုံးဝါသနာရှင်များ၊ ဘောလုံးပရိသတ်များမှ ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ဇာတိမာန်အသင်းမှ သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ နေရာအကောင်းဆုံးဆုများ၊ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ပညာရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရအသင်းများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖိတ်ခေါ်အလွတ်တန်း(ဂိုးလတ်) ဘောလုံးပြိုင်ကို မတ္တရာ မြို့နယ်အတွင်းရှိ ဌာဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ဘောလုံးအသင်းပေါင်း (၃၀)သင်းဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)