သိန္နီ ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပန်လော့ကျေးရွာတွင် ဒေသအစားအစာ ဖြစ်သော ခေါပုတ် တစ်နိုင်တစ်ပိုင် လုပ်ကိုင်ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိလျက်ရှိသည်။
ခေါပုတ်သည် ဆောင်းရာသီနှင့် လိုက်ဖက်သော ဒေသအစားအစာဖြစ်ပြီး စားသုံးသူများအနေဖြင့် မီးဖြင့်ကင်ခြင်း၊ ဆီဖြင့်ကြော်ခြင်းများ ပြုလုပ်၍ သကြား၊ ထန်းလျက်တို့ဖြင့် တွဲဖက်၍ ကြိုက်နှစ်သက်စွာ စားသုံးကြသည်။ ခေါပုတ်ပြုလုပ်ရာတွင် ရှေးဦးစွာ စုံဖြင့်ထောင်းထားသော ကောက်ညှင်းဆန်နှင့် ရှမ်းဆန်အား ဆတူရော၍ ပေါင်းအိုးဖြင့် ထည့်ပေါင်းပြီး ကြိတ်စက်ဖြင့် ကြိတ်ကာ ဆားဖြင့်ရောနှယ်၍ အပြား(အချပ်) ပြုလုပ်ပြီး ရလာသော ခေါပုတ်များ အပေါ်တွင် နှမ်းဖြူးကာ ပြုလုပ်ရောင်းချခြင်းဖြစ်သည်။ ခေါပုတ်အား အဖြူရောင်နှင့် အမည်းရောင် နှစ်မျိုးပြုလုပ်၍ တစ်ချပ်လျှင် တစ်ထောင်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး မြို့နယ်အတွင်း စားသုံးသူများအပြင် အခြားမြို့နယ်များသို့လည်း တင်ပို့ရောင်းချရကြောင်းနှင့် တစ်ရက်လျှင် ပျမ်းမျှ (၂၀၀)ချပ်ခန့် ပြုလုပ်ရောင်းချရလျက်ရှိကြောင်း သိန္နီမြို့နယ် ပန်လော့ကျေးရွာမှ ခေါပုတ်ပြုလုပ် ရောင်းချသူ ဒေါ်ဆိုင်းဆာထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)