ကော့သောင်းမြို့တွင် နိုင်ငံတကာနှစ်သစ်ကူးနေ့ ပျော်ရွှင်စွာဆင်နွှဲ

ကော့သောင်း ဇန်နဝါရီ ၁

ကော့သောင်းမြို့တွင် ၂၀၁၉ ခုနှစ် မှ ၂၀၂၀ ခုနှစ်သို့ ကူးပြောင်းသည့် နိုင်ငံတကာနှစ်သစ်ကူးနေ့ ကြိုဆိုသည့်ပွဲတော်ကို ယမန်နေ့ ည ၇ နာရီမှ စတင်၍ ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ၌ ကျင်းပပြုလုပ်ခဲ့ရာ   မြို့နေပြည်သူများ အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများ ပျော်ရွှင်စွာဆင်နွဲခဲ့ကြကြောင်းသိရသည်။

ပွဲတော်ကျင်းပရာနေရာနှင့် မြို့နေပြည်သူများ အိမ်များတွင် လျှပ်စစ်မီးအလှရောင်စုံများထွန်းညှိခြင်း ၊ မိသားစုအလိုက် ညစာစားပွဲများ ပြုလုပ်ကြခြင်း၊ မြို့လုံးကျွတ် လူငယ်လူရွယ်များ မော်တော်ဆိုင်ကယ်များဖြင့် စည်းကမ်းတကျ စီးနင်းသွားလာခဲ့ကြပြီး ၂၀၁၉ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၀ ပြည့်နှစ်သို့ ကူးပြောင်းသည့်အထိမ်းအမှတ် နှစ်သစ်ကူးပွဲတော်ကို ခေတ်ပေါ်တေးဂီတ ဖျော်ဖြေပွဲများဖြင့်ကျင်းပရာ ပြည်သူများစုပေါင်း၍ ည ၁၂နာရီကို စက္ကန့်ရေတွက်ပြီး Happy New Year သံပြိုင်ရွတ်ဆိုကာ မီးရှူးမီးပန်းများ ပစ်ဖောက်ကာ နှစ်သစ်ကို ကြိုဆိုကြပြီး မြို့လုံးကျွတ်မျှ မြို့နေပြည်သူများ ပါဝင်ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)