မူဆယ်မြို့ မြန်မာ-တရုတ် နယ်စပ်ဂိတ် (နန်းတော်ဂိတ်)မှ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ များကို တရားဝင် အဝင်/အထွက် စတင်ခွင့်ပြု

မူဆယ်   ဇန်နဝါရီ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအဝင်/အထွက်ဂိတ် (နန်းတော်ဂိတ်)မှ မြန်မာနိုင်ငံ၊ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော တရုတ်နိုင်ငံသားများကို (၂၀၂၀)ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ စတင်ပြီး တရားဝင် အဝင်/အထွက် ခွင့်ပြုပြီဖြစ်ကြောင်း မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးဦးစီဌာနမှ သိရသည်။

“နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ဒီနေ့မှာ အထူးကတ်ကိုင်ဆောင်ထားတဲ့သူတွေကို စတင်ပြီး မူဆယ်မြို့၊ နန်းတော်ဂိတ်ကနေ အဝင်/အထွက် ခွင့်ပြုတဲ့နေ့ ဖြစ်ပါတယ်၊ နှစ်နိုင်ငံအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ တရုတ်နိုင်ငံ၊ တစ်ဖက်နိုင်ငံသားတို့ကလည်း ယုံကြည်စိတ်ချစွာနဲ့ ဝင်ရောက်လာစေချင်ပါတယ်၊ အထူးကတ်ကိုင်ဆောင်ထားတဲ့သူတွေက မူဆယ်မြို့ကနေ မန္တလေးမြို့အထိ လွတ်လပ်စွာသွားရောက်နိုင်မှာ ဖြစ်ပါတယ်၊ စီးပွားရေးလမ်းကြောင်းတွေလည်း ဖွံ့ဖြိုးတိုးတက်ပွင့်လင်းလာမယ်၊ မြန်မာနိုင်ငံရဲ့ သဘာဝအရင်းအမြစ်တွေရဲ့ အလှတရားတွေကိုလည်း တရုတ်နိုင်ငံ၊ တဖက်နိုင်ငံသားတွေကလည်း သိလာမယ်၊ ဒီလို အပြန်အလှန် အဝင်/ အထွက်လုပ်ခြင်းအားဖြင့် ခရီးသွားဧည့်သည်ကဏ္ဍတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာမယ်”လို့ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောကြားသည်။

သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို မြန်မာနိုင်ငံဘက်တွင် ရက်(၃၀)နေထိုင်ခွင့်ပြုထားပြီး တရားဝင် ဝင်/ထွက် ခွင့်ပြုသည့်အတွက် တစ်ခြားနိုင်ငံများတွင်လည်း သွားရောက်နိုင်မည်ဖြစ်သည်။ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာသူများ ပိုမိုများပြားလာပါက အရေအတွက်အပေါ် မူတည်၍ အစီအမံများလည်း ရေးဆွဲထားပြီဖြစ်ကြောင်း သိရ သည်။

“သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ နိုင်ငံဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်တွေဟာ နယ်စပ်ဂိတ်ကနေ တရားဝင် အဝင်/ အထွက် ခွင့်ပြုနေပါပြီ၊ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ချစ်ကြည်ရေးတွေလည်း ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်၊ ပြည်သူလူထုတွေကို သံတမန်နှင့် အထူးနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ပြီး တရားဝင် အဝင်/အထွက် သွားလာခွင့်ရအောင်လည်း နှစ်နိုင်ငံလူကြီးတွေနဲ့ စီစဉ်ဆောင်ရွက်နေပါတယ်၊ ပြည်သူလူထုတွေလည်း အထူးကတ်ကိုင်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံဘက်ကလည်းအတူတစ်ကွ ပူးပေါင်း ဆောင်ရွက်စေချင်ပါတယ်” လို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ စက်မှုနှင့်ကုန်သွယ်‌ရေး၊ သိပ္ပံနှင့်နည်းပညာ တာဝန်ခံ မစ္စတာဝှန်းယုံးက ပြည်သူလူထုများလည်း ကိုင်ဆောင်အသုံးပြုနိုင်ရန် လုပ်ဆောင်နေကြောင်းကို ပြောကြားသည်။

သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို လွတ်လပ်စွာဖြင့် အဝင်/အထွက်ခွင့်ပြုခြင်းအားဖြင့် နှစ်နိုင်ငံစီးပွားရေးကဏ္ဍများနှင့် နှစ်နိုင်ငံလုပ်ငန်းပိုင်းဆိုင်ရာများ၊ ခရီးသွားဧည်သည်များ သွားလာလည်ပတ်မှုများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများသည် နိုင်ငံကူးလက်မှတ် (Visa)လျှောက်ထားသည့် နိုင်ငံနယ်နိမိတ်များကို လွတ်လပ်စွာ လည်ပတ်သွားလာနိုင်မည် ဖြစ်သည်။

(၁၉၉၇) ခုနှစ်၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ နယ်စပ်ဒေသ၊ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်၊ (၁၉၉၈) ခုနှစ်၊ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ်တို့အရ တရုတ်နိုင်ငံဘက်မှ အပြန်အလှန်အနေဖြင့် သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သည့် မြန်မာနိုင်ငံသားများကိုလည်း (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ စတင်ပြီး လွတ်လပ်စွာဖြင့် တရားဝင် အဝင်/အထွက် ခွင့်ပြုနေပြီဖြစ်ကြောင်း သိရသည်။

သတင်း-ဆလိုင်းဗန်ရိုးထန်

ဓာတ်ပုံ-မိုင်းဘဉာဏ်(ကွတ်ခိုင်)