မိုင်းတုံ စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်များတွင် နေ့စဉ် နံနက်(၆)နာရီခွဲမှ ည(၉)နာရီအထိ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့အဝင်ဂိတ်များဖြစ်သည့် တောင်ကြီးမြို့ဘက်မှအဝင်ဂိတ်၊ မိုင်းဆတ်မြို့ဘက်မှအဝင် နောင်ပါရင် ဂိတ်နှင့်ပုံပါကျင်မြို့ဘက်မှအဝင် ဟောင်လီဂိတ်တို့မှ ယမန်နေ့က ဖြတ်သန်း သွားလာသော မော်တော်ယာဉ် (၄၆)စီးမှ ခရီးသည်(၁၂၆)ဦးတို့အား Non-contact Infrared Thermometer စက်ဖြင့် ကိုယ်အပူချိန် တိုင်း တာစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်/ကျေးထောက်ခံချက်များ ပါရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ခရီးသွားလာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်စေတနာ့ ဝန်ထမ်းများပါဝင်သောအဖွဲ့တို့က နေ့စဉ်နံနက် (၆)နာရီမှ ည(၉)နာရီအထိ အလှည့်ကျ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ)