သခွားမွှေးသီးနှံများ မူဆယ်ဈေးကွက်သို့ နေ့စဉ်ကားအစီးရေ(၄၀)ကျော် တင်ပို့

ချောင်းဦး ဇန်နဝါရီ ၁

ချောင်းဦးမြို့နယ်အတွင်း နိုင်ငံခြားဈေးကွက်ဝင် သခွားမွှေးသီးနှံများ မူဆယ်ဈေးကွက်သို့တစ်ရက်လျှင် ကားအစီးရေ(၄၀)ကျော် တင်ပို့ပေးနေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးလွင်ထံမှ  သိရသည်။

ယခုနှစ်မိုးရာသီ ဖရဲသခွားမွှေးစိုက်ရာသီအစပိုင်းတွင် ဈေးနှုန်းကျဆင်းမှုနှင့်ကြုံခဲ့ရပြီးတောင်သူများ အရှုံးပေါ်ခဲ့ကြောင်း၊ ဆောင်းရာသီ စိုက်ပျိုးချိန်အစပိုင်းတွင်လည်း ဈေးနှုန်းကျဆင်းခဲ့သော်လည်း ဒီဇင်ဘာလ ဒုတိယပတ်ကုန်ချိန်တွင် ဈေးနှုန်းပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်းနှင့် ယခုအခါသီးနှံများကို စတင်ပို့ဆောင်နေပြီဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

“အခုနောက်ပိုင်း စိုက်တဲ့အပင်တွေက ရာသီဥတုက မိုးရေချိန်လက်မ မမီတဲ့အတွက် ပျက်စီးမှု အနည်းငယ်ရှိတယ်၊ မိုးရေချိန်နည်းတော့ အရင်နှစ်ကထက် ရေပိုသွင်းရတယ်၊ ဈေးကွက်ကို ပိုရတဲ့အခြေအနေက ဒီနှစ်မှာ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့အတွက်အခက်အခဲမရှိဘူး၊ ဈေးကွက်အနေအထားကတော့ ပုံမှန်အနေအထားပဲရှိတယ်၊ အခုလက်ရှိအမြင့်ဆုံးဈေးနှုန်းက တစ်ကီလိုကို(၈၅၀)ကျပ် ဝန်းကျင်လောက်နဲ့ အနိမ့်ဆုံး ဈေး(၄၀၀)ကျပ် လောက်ထိရှိနေတယ်၊ အခုဈေးနှုန်းအတိုင်းဆို စိုက်ရတဲ့အခြေအနေက တစ်ဧကမှာ အသီး(၁၀)တန်လောက်ထွက်တဲ့ တောင်သူက တစ်ကီလို(၈၅၀)ကျပ်နှုန်းရောင်းရမှ အရင်းလောက်ပဲရမယ်၊ မျိုးစေ့ ဈေးနှုန်းကလည်းကြီးတော့ တောင်သူတွေအနေနဲ့ ကုန်ကျစရိတ်ကမြင့်လာတယ်၊ အခုသီးနှံထွက်ရှိမှုက  ဆင်ရွှေမျိုးက တစ်ဧကစိုက်ကို ကားပေါ်အရောက်၊ မော်တော်ယာဉ်ခအပါဝင် ငွေကျပ်သိန်း (၈၀)ဝန်းကျင်ကုန်ကျမှုရှိတယ်၊ အခုဈေးနှုန်းနဲ့ဆိုရင် တစ်ဧကကိုအသီး တန်ချိန်(၁၀)တန် အထက်ထွက်မှအမြတ်ကျန်နိုင်မယ်၊ အခုမူဆယ်ဈေးကွက်ကိုလည်း စတင်ပို့နေပြီ”” ဟု သခွားမွှေးစိုက်တောင်သူ ဦးကျော်လွင်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်သခွားမွှေးစိုက်ရာသီတွင် သခွားမွှေးဧက(၃၀၀၀၀)ကျော်စိုက်ပျိုးလျက်ရှိရာ ချောင်းဦးမြို့နယ်အတွင်းဧက(၁၀၀၀၀)ကျော်စိုက်ပျိုးလျက်ရှိကြောင်းနှင့် မော်တော်ယာဉ်ကြီးများဖြင့်  ထွက်ရှိသောသီးနှံများကို မူဆယ်ဈေးကွက်သို့ အများဆုံးပို့ဆောင်ရကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)