နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင်ယာဉ်နှင့် ပြင်ပမှ ဝင်ရောက်လာမည့်ခရီးသည်များကို ယခင်ကထက် အရှိန်မြှင့်စောင့်ကြပ်စစ်ဆေးမည်

 

နမ့်ဆန်          စက်တင်ဘာ   ၂၈

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းသို့ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာနှင့်ပတ်သက်၍  ကန့်သတ်ထားသော ပြည်နယ်၊ တိုင်းဒေသကြီးများ အပါအဝင် မြို့နယ်ပြင်ပမှ ဝင်ရောက်လာသူ မည်သူမဆို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဒေသအာဏာပိုင်အဆင့်ဆင့်မှ ထုတ်ပြန်သတ်မှတ်ထားသည့်အတိုင်း ညွှန်ကြားချက်များကို လိုက်နာစေရန် ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်းနှင့် ခရီးသွားလာမှုများ စစ်ဆေးနိုင်ရန် မြို့ဝင်ယာဉ်နှင့် ခရီးသည်ဝင်ရောက်မှုများကို ယခင်ကထက် အရှိန်မြှင့်ပိုမိုတင်းကြပ် စိစစ်သွားမည် ဖြစ်ကြောင်းသိရသည်။

နမ့်ဆန်မြို့နယ်အတွင်းသို့ ဝင်ရောက်လာနိုင်မည့် လီလုကျေးရွာအတွင်း လီလုကျေးရွာ ခန်းမရှေ့မှ ကျန်းမာရေးဆိုင်ရာ စစ်ဆေးသတင်းရယူစုံစမ်းခြင်း၊ အထောက်အထားမဲ့ ဝင်ရောက်သွားလာသူများ ကို ဝင်ရောက်ခွင့်မပြုခြင်း၊ စောင့်ကြည့်သတင်းရယူခြင်းနေရာတွင် ထူးခြားမှုရှိပါက မြို့နယ် ကော်မတီသို့ ချက်ချင်းအကြောင်းကြား၍ ပူးပေါင်းဆောင်ရွက်ခြင်း၊ စောင့်ကြပ်ကြည့်ရှု စစ်ဆေးသည့် နေရာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများတို့က အချိန်ပြည့် စနစ်တကျ စောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်သွားမည်။ ထို့ပြင် မြို့နယ်အတွင်းသို့ ဝင်ရောက်လာနိုင်မည့် လီလု-နမ့်ဆန်လမ်းမကြီး မန်ကန်-တောင်မ ဖြတ်လမ်းတွင် လည်းကောင်း အထောက်အထားမဲ့ ဝင်ရောက်လာသူများအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများတို့ကို အချိန်ပြည့်တာဝန်ပေး စောင့်ကြည့်စိစစ်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင် ရန် ဒေသအာဏာပိုင်များ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ တို့က အရှိန်မြင့်ဆောင်ရွက် လျှက်ရှိပြီး ယခုအချိန်ထိ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ မရှိသေးကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)