ရှဒူဇွပ်ကျေးရွာ၌ ရေဘေးသင့်ပြည်သူ (၂၈၇၅) ဦးနှင့် ​ရေမျှောပါနေအိမ် (၂၃) လုံးတို့အတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ လာရောက်ပေးအပ်

ကာမိုင်း  စက်တင်ဘာ ၂၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူဇွပ်ကျေးရွာအတွင်း မိုးများ အဆက်မပြတ် ရွာသွန်းမှုနှင့်အတူ တောင်ကျရေများ ဝင်ရောက်လာမှုကြောင့် မိုးကောင်းချောင်းရေ မြင့်တက်လာပြီး လူနေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့သဖြင့် ယာယီရွှေ့ပြောင်း ထားရသည့် အိမ်ထောင်စု (၄၁၀) စု၊ ရေဘေးသင့်ပြည်သူ (၂၈၇၅) ဦးနှင့် ရေမျှောပါနေအိမ် (၂၃) လုံးတို့အတွက် မိုးညှင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား အလိုတော် ပြည့်ဘုန်းကြီးကျောင်း၌ ယမန်နေ့နံနက် (၁၀) နာရီတွင် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က မိတ်ဆက် အားပေးစကား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ လာရောက်ပေးအပ်ခဲ့ရာ ၎င်းပေးအပ်မှု များအပေါ် ရှဒူဇွပ်ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ရာ၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ရေမျှောပါနေအိမ် (၂၃) လုံးအနက် သွပ်မိုး၊ ပျဉ်ကာနေအိမ်(၁)လုံးအတွက် ငွေကျပ်နှစ်သိန်း၊ ကျန်ရှိနေသည့် နေအိမ်(၂၂) လုံးတို့အတွက် ဓနိမိုး/သွပ်မိုး၊ ထရံကာအနေဖြင့် ငွေကျပ်နှစ်ဆယ့်နှစ်သိန်း စုစုပေါင်းငွေကျပ် (၂၄) သိန်းတို့ကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်းများ အနေဖြင့် အိမ်ထောင်စု (၂၃) စုစာအတွက် ပစ္စည်း(၁၇) မျိုးပါ (၂၃) ပုံးတို့ကိုလည်းကောင်း၊ ရေဘေးသင့်အိမ်ထောင်စု (၄၁၀) စုအတွက် တစ်ဦးလျှင် ခုနှစ်ရက်စာ ရိက္ခာဝယ်ယူရန် ငွေကျပ် (၂၁၀၀) နှုန်းဖြင့် လူဦးရေ (၂၈၇၅) ဦးတို့အတွက် စုစုပေါင်းငွေကျပ် (၆၀၃၇၅၀၀) နှင့် လူစုလူဝေးများ မဖြစ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအနေဖြင့် လူတစ်ဦးချင်း နှာခေါင်းစည်း (Mask) များ ကိုဝေငှပေးပြီး အသုတ်လိုက်ခွဲ၍ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ရာ ရေဘေးသင့်ပြည်သူများက အသီးသီးလက်ခံ ရယူခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)