ချီဖွေမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းဘေးမြေစာများပြိုကျမှုများနှင့်မြို့ပေါ် ရပ်ကွက်အတွင်း အုတ်နံရံပြိုကျပျက်စီးမှုဖြစ်ပွား

ချီဖွေ   စက်တင်ဘာ   ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့မှ (၃)မိုင်ခန့်အကွာ ချီဖွေ-မြစ်ကြီးနားသွား ကားလမ်းပေါ်တွင် စက်တင်ဘာလ(၂၄)ရက်နေ့မှစ၍မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်(၇)နာရီ (၄၅)မိနှစ်အချိန်တွင် လမ်းဘေးမြေစာများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ လမ်းဘေးမြေစာများ ပြိုကျမှုဖြစ်ပွားရာ နေရာသို့ မြို့နယ်လမ်းဦးစီးဌာန Loader ယာဉ်(၁)စီးဖြင့် ရှင်းလင်းဆောင်ရွက်နေစဉ် မိုးသည်းထန်စွာ ဆက်လက် ရွာနေ၍ ထပ်မံပြိုကျလာ နိုင်ဖွယ်ရှိသဖြင့် မြေစာရှင်းလင်းမှုအား ရပ်နားခဲ့ရပြီး မိုးရွာသွန်းမှုရပ်နားချိန်မှသာ ဆက်လက်ရှင်းလင်း ဆောင်ရွက်ခဲ့ရကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံးမှ သိရသည်။

အလားတူ  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချီဖွေမြို့ပေါ်ရစ်လောခေါင်ရပ်ကွက်အတွင်း နံနက် (၁၀)နာရီခန့် အချိန်ကဦးခေါင်ဂျုံးနေအိမ်အနီး အမြင့် (၈၀)ပေခန့်ရှိသည့် မြေကမ်းပါးပြိုကျမှုကြောင့် အကျယ် (၁၀)ပေ၊ အမြင့်(၉)ပေ အုတ်နံရံထပ်မံပြိုကျခဲ့ပြီး အရှည်(၃၀)ပေ သွပ်မိုးအဖီပြိုကျ ပျက်စီးခဲ့သည်။

အုတ်နံရံပြိုကျအိမ်နေရာအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးဝင်းစိုးစံနှင့်ဝန်ထမ်းများ၊ မြို့မရဲစခန်းမှူး ဒု-ရဲအုပ် နိုင်ထွန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဒု-ဦးစီးမှူး ဦးအောင်ဖြိုးဝေနှင့်သန္ဓေ/အရံမီးသတ်တပ်ဖွဲ (၂၀)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မြေစာ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး လူနှင့် တိရစ္ဆာန် များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ချီဖွေမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချီဖွေ-ပန်ဝါလမ်း၊ ချီဖွေမြို့မှ (၆)ဖာလုံ ခန့်အကွာတွင် တောင်ပါးပြိုကျမှုထပ်မံဖြစ်ပွားခဲ့ရာ လမ်းအရှည်(၅၀)ပေ၊ အမြင့်(၁၅)ပေခန့်ရှိ မြေများ လမ်းပေါ်ပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ်ကားလမ်း ယာယီ ပြတ်တောက်ခဲ့ကာ ချီဖွေငယ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ Loader ယာဉ်(၁)စီးအကူ အညီဖြင့် စီစဉ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)