နမ့်ဆန် ဇန်နဝါရီ ၁
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မင်္ဂလာရပ်ကွက်၌ အသစ်တည်ဆောက်ပြီးစီးသွားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါအဆောက်အဦရှေ့တွင် ကျင်းပပြုလုပ်သည်။
အဆောက်အဦဖွင့်ပွဲတွင် စာပြုပုဂ္ဂိုလ်ဆရာတော် (အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက) ဘဒ္ဒန္တနန္နာစရိယ၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော်၊ တအာင်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ နာယက ဦးအိုက်မုန်း၊ တအာင်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးစောလွင်၊ တအာင်းစာစုကော်မတီ ဦးထွန်းကျော်တို့က တအာင်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီရုံးသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအပြီးတွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ စာပြုပုဂ္ဂိုလ်ဆရာတော် (အဘိဓဇ အဂ္ဂမဟာ သဒ္ဒမ္မဇောတိက) ဘဒ္ဒန္တနန္နာစရိယက သြဝါဒကထာစကားချီးမြှင့်သည်။ ဆက်လက်ပြီး ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်က တအာင်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီရုံး စတင်အကောင်ထည်ဖော်ခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံတအာင်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးစောလွင်က ရုံးသစ်တည်ဆောက်နိုင်မှုအခြေအနေများ၊ ရုံးသစ်တည်ဆောက်နိုင်ရန် အလှူငွေထည့်ဝင်ခဲ့ကြသည့် ကုမ္ပဏီများ၊ အနယ်နယ်အရပ်ရပ်မှ စေတနာရှင် တအာင်းပြည်သူလူထုများကို ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် တအာင်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်တီဝင် ဦးကျော်နိုင်က ရုံးသစ်တည်ဆောက်ရာတွင် ဘဏ္ဍာငွေအဝင်/အထွက် စာရင်းများ၊ ကုန်ကျစရိတ် ရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းပြီး တအာင်းစာပေနှင့်ယဉ်ကျေးမှု ရုံးသစ်အတွက် အလှူငွေ လှူဒါန်းပေးကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
အဆိုပါ မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီရုံးသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့က နမ့်ဆန်မြို့နယ် မီးလောင်မှုဖြစ်ပွားရာတွင် မီးလောင်ဆုံးရှုံးသွားပြီး ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ၏ ရန်ပုံငွေ၊ အနယ်အနယ် အရပ်ရပ်မှ စေတနာရှင် တအာင်းပြည်သူလူထုတို့၏ ထည့်ဝင်လှူဒါန်းငွေနှင့် နမ့်ဆန်မြို့တွင် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်သည့် ဆောက်လုပ်ရေးကုမ္ပဏီတို့မှ ထည့်ဝင်လှူဒါန်းငွေများကို စုပေါင်းပြီး အလျားပေ (၆၀)ပေ အနံပေ(၃၀)ရှိ (၃)ထပ် (RC) တိုက်အဖြစ် သိန်းတစ်ထောင်ကျော် အကုန်ကျခံကာ တည်ဆောက်ပြီးစီးခဲ့ပြီး ယနေ့တွင် တအာင်းစာပေနှင့်ယဉ်ကျေးမှု ရုံးသစ်ကိုဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်။ ရုံးသစ်ဖွင့်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းစာပေနှင့်ယဉ်ကျေးမှု နာယကကြီးများ၊ တအာင်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဝင်များ၊ အနယ်အနယ်အရပ်ရပ်မှ တအာင်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီများ၊ တက်ရောက်ခဲ့ကြောင်းသိရသည်။ ရုံးသစ်ဖွင့်ပွဲအပြီးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်တီတို့၏ နှစ်ပတ်လည်ဆိုင်ရာ အရပ်ရပ်အစည်းအဝေးကို (၃)ရက်တိုင်တိုင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)