မိုင်းနောင် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား ပါဆယ်စနစ် (Take-away) စနစ်ဖြင့်သာ ရောင်းချရန် စက်တင်ဘာ ၂၆ ရက် ညနေ(၄)နာရီအချိန် ကကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဝင်များ၊ စည်ပင်သာယာရေး ဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများ ပူးပေါင်း၍ မြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့်လူစုလူဝေးမဖြစ်စေရေး တို့အတွက် ပါဆယ်စနစ်(Take-away)စနစ်ဖြင့်သာ ရောင်းချရန် ဆိုင်ပိုင်ရှင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ် စည်းကမ်းများနှင့်အညီ ရောင်းချသွားရန်စည်းကမ်းချက်များအား သိရှိကြောင်း လက်မှတ်ရေးထိုး စေခြင်းများ ပြုလုပ်ခဲ့သည်။
ဆက်လက်၍ မြို့ ကိုဗစ်-၁၉ ကော်မတီဝင်များသည် မြို့ပေါ်(၅)ရပ်ကွက်အတွင်းရှိ စျေးဆိုင်များတွင် စျေးရောင်း၊ စျေးဝယ်များ (၆)ပေအကွာမှရောင်းချနိုင်ရေးအတွက် ကြိုးတန်းပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊မိမိရပ်ကွက်အတွင်းပြည်ပပြန်များ၊ နေရပ်ပြန်များရှိပါက သက်ဆိုင်ရာသို့ သတင်း ပေးပို့ကြရန်နှင့် သတင်းပေးပို့ရန်ပျက်ကွက်ပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းသိရသည်။
မြို့နယ် (ပြန်ဆက်)