တနိုင်းမြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရပ်ကွက်အချို့၌ နေအိမ်များအတွင်း ရေများဝင်ရောက်

တနိုင်း စက်တင်ဘာ ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် စက်တင်ဘာလ (၂၁) ရက်နေ့မှစတင်၍ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် စက်တင်ဘာလ (၂၅) ရက်နေ့ နံနက်ပိုင်းမှစ၍ နေရာတချို့၌ လမ်းသား ပျက်စီးမှုများ၊ လမ်းမကြီးရေကျော်မှု ဖြစ်ပွားလျက်ရှိသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နေရာတချို့ ရေကျဆင်းမှုမရှိဘဲ နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း ကောင်ရာကျေးရွာအထွက် မိုင်တိုင်အမှတ် KM-120 နှင့် KM-121 ကြားတွင် အရှည်ပေ (၃၀၀၀) ခန့်၊ အနက်(၂)ပေနှင့် (၃) ပေခန့်၊ မိုင်တိုင်အမှတ် KM-123 နှင့် KM-125 ကြားတွင် အရှည်ပေ (၁၀၀၀)ခန့် ၊အနက် (၂) ပေခွဲခန့် မိုင်တိုင်အမှတ် KM-123 နှင့် KM-125+500 ကြားတွင် အရှည်ပေ (၆၅၀၀) ခန့် အနက်ပေ (၂) ပေခွဲခန့် ထပ်မံ၍ လမ်းရေကျော်မှု ဖြစ်ပွားလျက်ရှိရာ စက်တင်ဘာ (၂၇) ရက်နေ့နံနက်ပိုင်းတွင် ပျှမ်းမျှရေ (၁) ပေခန့် ကျဆင်းသွားပြီး တနိုင်းမြို့အဝင် အောင်စိုးမိုး ကျေးရွာအနီး လီဒိုလမ်းမကြီးပေါ်တွင် အကျယ်(၃၀၀၀)ပေ၊ အနက် (၂) ပေခန့်၊ တနိုင်း-မိုင်းခွန်လမ်း မိုင်းခွန် ကျေးရွာအုပ်စု ဂျိုဆာဒီးကျေးရွာတွင် အကျယ်ပေ (‌၁၅၀၀)၊ အနက်(၂) ပေခန့် ရေကျော်လျက်ရှိပြီး တနိုင်း-မိုင်းခွန် ယာဉ်သွားလာမှု ပြတ်တောက်လျက်ရှိသည်။

တနိုင်းမြို့နှင့် ရှင်ဗွေယန်မြို့ကြားရှိ တဝမ်ချောင်းရေ ရေဦးတိုက်မှုကြောင့် ယခင် လီဒိုလမ်းမကြီး ရေတိုက် စားသွားသော နေရာတွင် ပေ (၂၀၀) ခန့် ရေတိုက်စားမှုဖြစ်ပြီး လမ်းဟောင်းအားလုံးတိုက်စားခံရ၍ တည်ဆောက် ဖောက်လုပ်ထားသော  လမ်းသစ်သည်ပေ (၃၀) ခန့် မိုးဒဏ်ဖြင့် ရေတိုက်စား ပြတ်တောက်မှုဖြစ်ပြီး  အရှည် ပေ (၂၀၀) ခန့် လမ်းရေကျော်လျက်ရှိရာ  တနိုင်း-ရှင်ဗွေယန် ယာဉ်များသွားလာမှု ပြတ်တောက်လျက်ရှိသည်။

တနိုင်းမြို့ပေါ်ရှိ ပုန်ခုန်းရပ်ကွက်နှင့် ဆင်မ်ဆာ့ရပ်ကွက်တို့တွင် တနိုင်းချောင်းရေ မြှင့်တက်လာမှုကြောင့် နေအိမ်များတွင် ရေဝင်ရောက်လျက်ရှိပြီး တနိုင်းချောင်းရေမှာ စိုးရိမ်ရေအမှတ်အောက် အနက်ပေ (၁၈.၃) နှင့် အကျယ်ပေ (၈၅၀) ဖြစ်ကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)