ကိုဗစ်-၁၉ ကာလအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအတွက် အခြေခံလူတန်းစားများနှင့် မသန်စွမ်းသူများအား ငွေကြေးများ ထောက်ပံ့ပေးအပ်

ပူတာအို  စက်တင်ဘာ ၂၈

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကိုဗစ်- ၁၉ ကာလအတွင်း အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်ဖြင့် မသန်စွမ်းသူများနှင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လွှတ်တော်ကိုယ်စာလှယ်များနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသ‌ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ၎င်းတို့ထံအရောက် ထောက်ပံ့ပေး ခဲ့ပြီး ထိခိုက်လွယ်အုပ်စုဖြစ်သည့် မသန်စွမ်းသူများအတွက် တစ်ဦးလျှင်ကျပ် (၃၀၀၀၀) နှုန်းနှင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းများအတွက် အိမ်‌ထောင်စုတစ်စုလျှင် ကျပ် (၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည်။

ပူတာအိုမြို့နယ်တွင် မသန်စွမ်းသူများ (၆၃၉) ဦးရှိရာ စက်တင်ဘာလ ၂၆ ရက်တွင် မြို့ပေါ်ရပ်ကွက်မှ (၉၇) ဦးကို (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၉၁၀၀၀၀) ကျပ်၊ စက်တင်ဘာလ ၂၇ ရက်တွင် ကျေးရွာအုပ်စု (၁၃) အုပ်စုမှ (၅၄၂) ဦးတို့အတွက် စုစုပေါင်း (၁၆၂၇၀၀၀၀) ကျပ်တို့ကို ပေးအပ်သည်။

စာရင်းကောက်ယူမှုအရ ပူတာအိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအနေဖြင့် အိမ်ထောင်စု (၁၅၄၈) စုရှိရာ စက်တင်ဘာလ ၂၆ ရက်တွင် မြို့ပေါ်ရပ်ကွက် (၁၀) ရပ်ကွက်မှ အိမ်ထောင်စု (၄၃၀) စုနှင့် ကျေးရွာအုပ်စု (၁၄) အုပ်စုမှ အိမ်ထောင်စု (၅၁၀) စုတို့အတွက် ကျပ် (၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ပြီး ထောက်ပံ့ရန်ကျန်နေသေးသည့် အိမ်ထောင်စု များကိုလည်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆက်လက်ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဆန်းညွန့် (ပူတာအို)