အင်္ဂပူ ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အင်္ဂပူမြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ အ-ထ-က (ကွင်းကောက်)၌ ဇန်နဝါရီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ နှစ်ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယနေ့ညနေပိုင်းက ဟင်္သာတခရိုင်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ အင်္ဂပူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါ်မာလာဝင်းနှင့် တာဝန်ရှိသူများက ပြခန်းများဆောင်ရွက်ပြီးစီးမှုနှင့် ကလေးစာပေပွဲတော်ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတွင် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်း၊ အင်္ဂပူမြို့နယ်ပြခန်း၊ အခြေခံပညာဦးစီးဌာနပြခန်း၊ မြို့နယ်ရဲတပ်ဖွဲ့ပြခန်း၊ မီးသတ်+ဘေးစီမံဦးစီးဌာနပြခန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြခန်း၊ စိုက်ပျိုးရေး+ငါးလုပ်ငန်း+တိမွေးကုဦးစီးဌာနပြခန်း ၊ ကျန်းမာရေးဌာနပြခန်းအစရှိသည့် မြို့နယ်ပြခန်းများအပြင် ကလေးစာဖတ်ခန်းလည်းထည့်သွင်းစီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ စက္ကူခေါက်၊ ဆေးရောင်ခြယ်၊ အရုပ်ဆက်၊ စကားပုံဆက်၊ အိမ်ဆောက်စသည့် ပြိုင်ပွဲများနှင့် ထုတ်စီးတိုးပြိုင်ပွဲ၊ အိတ်စွတ်ပြိုင်ပွဲ၊ ဘဲဖမ်းပြိုင်ပွဲများ၊ ကျောင်းပေါင်းစုံ ပဒေသာကပွဲ အစီအစဉ်များ၊ စာပေဟောပြောပွဲ၊ စာအုပ်စျေးရောင်းပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - မန်းကျော် (ပြန်/ဆက်)
ဓာတ်ပုံ-ဇော်ဝင်းဟန်၊ ဝင်းဗိုလ်