ချီဖွေမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်

ချီဖွေ  စက်တင်ဘာလ  ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ (၂၆) ရက်နေ့ မွန်းလွဲ(၂) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ အိမ်မွေးခွေးများအား ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ကြီးကြပ်ရေးမှူး ဦးယိန်းဘောမ့်က မြို့ပေါ်ရပ်ကွက်ရှိ မြို့ပေါ်ရပ်ကွက်ခွေးအကောင် (၅၀) အား အိမ်တိုင်ရာအရောက် လိုက်လံ ထိုးနှံပေးခဲ့သည်။

ဆက်လက်၍ ပြည်သူများအနေဖြင့် မိမိ၏ အိမ်မွေး ခွေး/ကြောင်ကို ခွေးရူးရောဂါမှ ဘယ်လို ကာကွယ်မလဲ၊ ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ခြင်း၊ မျိုးမပွားအောင်ပြုလုပ်ခြင်း၊ ခွေးရူးရောဂါ ဆိုတာဘာလဲ၊ ခွေးရူးရောဂါ ကူးစက်ခံရနိုင်သည့် နည်းလမ်းများ၊ ခွေးရူးရောဂါကူးစက်ခံရမှု အန္တရာယ်ရှိ သော သူများ၊ ပါရှိသည့် “ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး လက်ကမ်းစာစောင်များ” ကိုဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ခွေးရူးရောဂါ လက္ခဏာများ၊ ခွေးရူးရောဂါ ကူးစက်ပျံ့နှံ့ပုံ၊ ကာကွယ်ရန်နည်းလမ်းများ ပါရှိသည့် “ခွေးရူးရောဂါ ကင်းစင် မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်”  စသည့် ဗီနှိုင်းပိုစတာများကို လူအများ မြင်သာသည့် နေရာများတွင် ချိတ်ဆွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နန်းမြင့်(မြို့နယ်ပြန်/ဆက်)