တနိုင်း စက်တင်ဘာ ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် စက်တင်ဘာလ(၂၁)ရက်နေ့မှစတင်၍ မိုးများ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် စက်တင်ဘာလ(၂၅)ရက်နေ့နံနက်ပိုင်းမှစ၍ လမ်းပန်းဆက်သွယ်ရေး နေရာတစ်ချို့၌ လမ်းသားပျက်စီးမှုများ၊ လမ်းမကြီးရေကျော်မှုဖြစ်ပွားခဲ့သည်။
စက်တင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေရာတစ်ချို့တွင် ရေကျဆင်းမှုမရှိဘဲ နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း ကောင်ရာကျေးရွာအထွက် မိုင်တိုင်အမှတ် KM-120နှင့် KM-121 ကြားတွင် အရှည်ပေ(၃၀၀၀)ခန့်၊ အနက်(၂)ပေနှင့် (၃)ပေခန့်၊ မိုင်တိုင်အမှတ် KM-123နှင့် KM-125 ကြားတွင် အရှည်ပေ (၁၀၀၀)ခန့် အနက်(၂)ပေခွဲခန့် လမ်းရေကျော်မှုများ ထပ်မံဖြစ်ပွားလျက်ရှိပြီး ယာဉ်များသွားလာ၍မရဘဲ လမ်းကြောင်းယာယီပြတ်တောက် သွားခဲ့သည်။
နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း လီဒိုလမ်းမကြီး မိုင်တိုင်အမှတ် KM-123နှင့် KM-125+500 ကြားတွင် အရှည်ပေ (၆၅၀၀)ခန့် အနက်ပေ(၂)ပေခွဲခန့် ထပ်မံ၍ လမ်းရေကျော်မှုဖြစ်ပွားလျက်ရှိပြီး လမ်းကြောင်းများ ယာယီပြတ်တောက်ခဲ့ကာ ကျေးရွာများအတွင်း ရေများဝင်ရောက်မှုမရှိသေးကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)